တောင်ကိုရီးယား လေပိုင်နက်ထဲကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြောက်ကိုရီးယား ဒရုန်းတွေကို ပစ်ချဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တောင်ကိုရီးယားစစ်တပ်က ဒီဇင်ဘာ ၂၇ ရက်မှာ တောင်းပန်လိုက်ပြီး ဒရုန်းဆန့်ကျင်တိုက်ခိုက်မှုစွမ်းရည်ကို လုံခြုံစိတ်ချရစေဖို့ အာမခံကြောင်းလည်း ကတိပြုခဲ့ပါတယ်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) မှ အကြီးတန်းအရာရှိ ဂန်ရှင်းချူလ်က “ကိုရီးယားသမ္မတနိုင်ငံရဲ့ ဝေဟင်ပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာတဲ့ ဒရုန်းတွေကို စစ်တပ်က ထောက်လှမ်းပြီး ခြေရာခံခဲ့ပေမဲ့ ပစ်ချဖို့ပျက်ကွက်ခဲ့လို့ စိတ်မကောင်း ဖြစ်ရပါကြောင်း” ပြောကြားသွားပါတယ်။
ဒရုန်းတွေဟာ ၃ မီတာ၊ ၁၁၈ လက်မလောက်ပဲရှိတာကြောင့် အလွယ်တကူ ကြားဖြတ်တားဆီးလို့ မရလောက်အောင် သေးငယ်လွန်းတယ်လို့ ဆိုပါတယ်။
အရပ်သားလုံခြုံရေးကို စိုးရိမ်တဲ့အတွက် သူတို့ကို ပြင်းပြင်းထန်ထန် မတိုက်ခိုက်လိုက်နိုင်ဘူး လို့လည်း စစ်တပ်က ပြောပါတယ်။
တိုက်ခိုက်ရေးစရိတ်တွေ၊ ကြားဖြတ်နှောင့်ယှက်မှုနဲ့ ရေဒါနည်းပညာတွေအပြင် ပုံမှန် လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်မှုတွေ အပါအဝင် ဒရုန်းဆန့်ကျင်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ဖို့လည်း ကတိပြုခဲ့ပါတယ်။