တောင်ကိုရီးယားရဲ့ အမေရိကန်လိုလားတဲ့ သံတမန်ရေးရာနဲ့ မြောက်ကိုရီးယား (DPRK) အပေါ် တင်းမာတဲ့ ဆက်ဆံရေးနဲ့ ရန်စမှုတွေကြောင့် ဒေသတွင်း တည်ငြိမ်ရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တယ်လို့ အကြီးတန်း ကိုရီးယားကျွမ်းကျင်သူတွေကို ကိုးကားပြီး တရုတ်အခြေစိုက် စီစီတီဗီ သတင်းဌာနက ထုတ်လွှင့်ပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွက် ဧပြီ ၂၄ ရက်ကစပြီး အမေရိကန်နိုင်ငံဆီ သီတင်းတပတ်ကြာ နိုင်ငံတော်အလည်အပတ်ခရီး သွားခဲ့ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ နျူးကလီးယား အတိုင်ပင်ခံအဖွဲ့ (NCG) ထူထောင်ရေးနဲ့ တောင်ကိုရီးယားဆီ နျူးကလီးယား ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘော လာရောက်လည်ပတ်မယ့် ဝါရှင်တန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
နျူးကလီးယားဟန့်တားရေး မဟာဗျူဟာက ပြဿနာအပေါ် မြောက်ကိုရီးယားက ပိုပြင်းပြင်းထန်ထန် တုံ့ပြန်နိုင်စေပြီး ဒေသတွင်းငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ တောင်ကိုရီးယား-တရုတ် မြို့တော်ချစ်ကြည်ရေးအသင်း အကြီးအကဲ ကွမ်ကီစစ်ခ်က ပြောကြားခဲ့ပါတယ်။
၂၀ ရာစုအတွင်း တောင်ကိုရီးယားအစိုးရရဲ့ အယူဝါဒကွဲလွဲမှုတွေကြောင့် ဆန့်ကျင်ဘက်အသွင်ဆောင်တဲ့ ‘စစ်အေးပုံစံ’ သံခင်းတမန်ခင်းဆီ ပြန်ရောက်နေပြီလို့ ဆိုပါတယ်။
အမေရိကန်က ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားလက်နက်တွေ ဖြန့်ကြက်ချထားတာဟာ စစ်ပွဲတွေကို နှိုးဆွဖို့ အန္တရာယ်ရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
အမေရိကန် စစ်ဘက်အရာရှိဟောင်း စကော့ ဘန်းနက်က ဘိုင်ဒင်အစိုးရဟာ အလွန် အန္တရာယ်ကြီးတဲ့ လုပ်ရပ်နဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြား ပဋိပက္ခကို ပြဿနာရှာနေတယ်လို့ ပြောခဲ့ပါတယ်။
အမေရိကန်က ခုလို အစုလိုက်အပြုံလိုက် ပျက်စီးစေတဲ့ လက်နက်တွေ ဖြန့်ကြက်တာဟာ ဒေသတွင်း အခြေအနေကို မီးလောင်ရာ လောင်စာဆီထည့်နေတာလို့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ စည်းရုံးလှုံ့ဆော်ပေးနေတဲ့ Women Cross DMZ ကို တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာ ခရစ်စတင်း အန်းက ပြောပါတယ်။
အင်အားကြီးနိုင်ငံတွေကြားက အပြိုင်အဆိုင်တွေထဲမှာ တောင်ကိုရီးယားက အမေရိကန်ဘက် ကနေပါရင် အမေရိကန်ရဲ့ နယ်ရုပ် ဖြစ်လာနိုင်တယ်လို့ တရုတ်ဝေဖန်သုံးသပ်သူတဦးကို ကိုးကားပြီး တရုတ်အစိုးရ ရုပ်သံစီစီတီဗွီသတင်းက ဧပြီ ၂၉ ရက်မှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံတကာ လေ့လာရေးတက္ကသိုလ် အမေရိကန်လေ့လာရေးဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူး စူးရှောင်းဟွေက တောင်ကိုရီးယားသမ္မတ ယွန်းဆွခ်ယဲင်းရဲ့ အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောကြားခဲ့တာပါ။
အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ တောင်ကိုရီးယားသမ္မတ ခရီးစဉ် ကြေညာချက် အရ အမေရိကန်ဟာ တောင်ကိုရီယားဆီ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်တဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘောတစင်း စေလွှတ်ပြီး ကာကွယ်ရေး အရံအတားတွေ ထပ်တိုးပေးသွားမယ်၊ အပြန်အလှန်အနေနဲ့ တောင်ကိုရီးယားက ကိုယ်ပိုင်နျူကလီးယား လက်နက် အစီအစဉ်တွေ မဖော်ဆောင်ဖို့ သဘောတူညီထားတယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ်အရေးမှာ အခြေခံအားဖြင့် ကွဲပြားတဲ့ ရပ်တည်ချက်ရှိတယ်လို့လည်း စူးက ပြောပါတယ်။
တောင်ကိုရီးယားက အမေရိကန် နဲ့ စစ်ရေးအရ မဟာမိတ်ဖွဲ့ဖို့ အဆိုပြုတဲ့အခါ၊ အမေရိကန်ဟာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကနေတဆင့် မြောက်ကိုရီးယားကို တင်းတင်းကျပ်ကျပ် တိုးတိုးပြီး ဖိအားတွေ ပေးနိုင်တယ်လို့ မျှော်လင့်နေပါတယ်။
တောင်ကိုရီးယားရဲ့ တောင်းဆိုမှုတွေက အမေရိကန်ရဲ့ ဝန်ထုပ်ဝန်ပိုးကို တိုးလာစေလိမ့်မယ်လို့ အမေရိကန်က ထင်မြင်နေပြီး ကိုရီးယား ကျွန်းဆွယ်ပြဿနာဟာလည်း ခုချိန်မှာ အမေရိကန်အတွက် အရေးတကြီး ဒေသတွင်းပြဿနာမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။
ဒါကြောင့် နျူကလီးယား ရေငုပ်သင်္ဘောစေလွှတ်ရေးဟာ တောင်ကိုရီးယားရဲ့ တောင်းဆိုချက်တွေ ကို အမှန်တကယ် တုံ့ပြန်မှုထက် ပိုနေသလို ဒေသတွင်း ဗျူဟာမြောက် တပ်ဖြန့်မှုဟာ အမေရိကန် ရဲ့ လိုအပ်ချက်ထက် ပိုပါတယ်လို့ စူးက ပြောခဲ့ပါတယ်။
လုံခြုံရေး၊ စီးပွားရေးနှင့် နည်းပညာ မြင့်မားရေးတို့မှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ခြင်းအပါအဝင် တောင်ကိုရီးယားနဲ့ အမေရိကန်တို့က မဟာမိတ်အဖွဲ့ကို အဆင့်မြှင့်တင်ဖို့ အလေးပေးပြောဆိုတဲ့အခါ အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေကို မျှော်လင့် ထားတာ ထင်ရှားပါတယ်။
တောင်ကိုရီးယားသာ ဒီလုပ်ငန်းစဉ်မှာ ပါလာရင် အမေရိကန်ဘက်ကနေ ရပ်တည်နိုင်ပြီး သံတမန်ရေးရာမှာ ပိုမိုမျှတမှုကို စွန့်လွှတ်ရလိမ့်မယ်။ အမေရိကန်ရဲ့ မဟာဗျူဟာ ပန်းတိုင်တွေကို ဖြည့်ဆည်းပေးဖို့ ကိုယ်ပိုင်အကျိုးစီးပွားကို စတေးရင်း အမေရိကန်ရဲ့ နယ်ရုပ် ဖြစ်လာလိမ့်မယ်လို့ စူးက ပြောခဲ့ပါတယ်။