close

တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌ

close

November 8, 2022

တောင်ကုတ်မြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်းကို စစ်ကောင်စီတပ် ဖမ်းဆီး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးဇေယျကျော်ကို နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။

ဦးဇေယျကျော်ကို နေ့လယ် ၂ နာရီလောက်က ကလေးကစားကွင်းမှာရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်ပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကို မသိရသေးဘူးလို့ မိသားစုနဲ့ ရင်းနှီးသူတယောက်က ပြောပါတယ်။

“ကိုဇေယျကျော်ကို ဒီနေ့ နေ့လယ် ၂ နာရီကျော်လောက်က ကလေးကစားကွင်းက စစ်ကောင်စီတပ်သားတွေက ဖမ်းသွားတာ။ ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ ကျနော်တို့လည်း စုံစမ်းနေဆဲဖြစ်တယ်။” 

ဦးဇေယျကျော်ရဲ့ညီ ကိုမိုက်ကယ် (ခ) စည်သူကျော်ဇင်ကိုလည်း နိုဝင်ဘာ ၄ ရက် ညနေပိုင်းက သူရဲ့နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ဦးဇေယျကျော်ဟာ အရင်က နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေရှိခဲ့သလို လူမှုရေး တက်ကြွလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကိုလည်း တက်ကြွစွာလှုပ်ရှားခဲ့သူတယောက် ဖြစ်ပါတယ်။

ကိုဇေယျကျော်နဲ့ ညီဖြစ်သူ ကိုစည်သူကျော်ဇင်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တနှစ်ကြာ တရားရင်ဆိုင်ခဲ့ရပြီး ၂၀၂၁ ဧပြီလမှာ တရားသေ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ လူမှုရေး တက်ကြွလှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးနေပြီး ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုနေတာ ဖြစ်ပါတယ်။

10 hours Ago

May 26, 2020

တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌ၏ ညီဖြစ်သူအား အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်ရဲ့ ညီဖြစ်သူ ကိုစည်သူကျော်ဇံ (ခ) ကိုမိုက်ကယ်ကို မေလ ၂၅ ရက်နေ့က တောင်ကုတ်ရဲစခန်းမှ တာဝန်ရှိသူတွေက နေအိမ်သို့လာရောက် ခေါ်ဆောင်သွားပြီး  အကြမ်းဖက်ဥပဒေ ပုဒ်မ-၅၀(စျ)နဲ့ အမှုဖွင့်ထားတယ်လို့ ဦးဇေယျကျော်ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်င်္သိဂီမောင် က  ပြောပါတယ်။ အကျိုးဆောင်ရှေ့နေ ဒေါ်င်္သိဂီမောင် က “ဦးဇေယျကျော်တို့ကို စုံစမ်းနေတဲ့ အချိန်မှာပဲ ကိုမိုက်ကယ်ကိုလာဖမ်းသွားတယ်၊ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီးတော့ လာခေါ် သွားတာ။ လာခေါ်သွားပြီးတော့ မနေ့ကညနေ ၄ နာရီခွဲလောက်မှာ တောင်ကုတ်မြို့မရဲစခန်းက နေပြီးတော့ ယာယီစခန်းမှူး တရားလိုလုပ်ပြီးတော့ အကြမ်းဖက်ဥပဒေ ပုဒ်မ-၅၀(စျ)နဲ့ ချုပ်ရမန် တောင်းခံထားတယ်ပေါ့၊ အဲဒီချုပ်ရမန်မှာက တောင်ကုတ်ရဲစခန်းမှာပဲ ချုပ်နှောင်ခွင့်ပြုပါ ဆိုပြီးတော့ ရမန်တောင်းခံထားပေမယ့် ဒီနေ့မနက်ကျတော့ သူ့မိတ်ဆွေ အပေါင်းအသင်းတွေက သွားပြီးတော့ ထမင်းသွားပို့တာတို့၊ မုန့်သွားပို့တာတို့ကျတော့ ကိုမိုက်ကယ်က တောင်ကုတ်ရဲစခန်း အချုပ်ထဲမှာ မရှိတော့ဘူးဆိုပြီး တွေ့ခွင့်မရခဲ့ဘူး”လို့ ပြောပါတယ်။ တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော် အပါအဝင် ၃ ဦးကို မေလ ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၀(က) အမှုဖွင့်လှစ်ခံရပြီး ချုပ်ရမန် ၁၄ ရက် ရယူကာစစ်ဆေးခဲ့တာပါ။ ဒါပေမဲ့ သက်သေ အထောက်အထားမတွေ့ရှိရတဲ့အတွက် ပြန်လည်လွှတ်ပေး လိုက်တာကို စုံစမ်းသိရှိရပေမဲ့ မိသားစုဝင် တွေကို ဆက်သွယ်လာတာမရှိသေးဘူးလို့လည်း ဦးဇေယျကျော်ရဲ့ အကျိုးဆောင်ရှေ့နယ် ဒေါ်င်္သိဂီမောင်က ပြောပါတယ်။ “ကိုဇေယျကျော်တို့ ၁၁ ရက်နေ့က ရမန်ယူထားတာ ၂၄ ရက်နေ့က ပြည့်တာပေါ့၊ အဲဒါ ၂၄ ရက်နေ့က တနင်္ဂနွေဖြစ်တဲ့အတွက် ၂၅ ရက်နေ့မှာ ရုံးချိန်းဆိုတော့ မိသားစုဝင်တွေက ရုံးချိန်းကိုလာစောင့်နေတယ်၊ ဒါပေမဲ့ သူတို့ချုပ်ရမန်တောင်းခံတဲ့ စခန်းမှူးကနေပြီးတော့ သူတို့ကို ပုဒ်မ-၅၀(က)နဲ့ ပတ်သက်ပြီးတော့ လုံလောက်တဲ့သက်သေအထောက်အထား မတွေ့ရှိတဲ့ အတွက်ကြောင့်မို့လို့ သူတို့ကို ကိုယ်ပိုင်ခံဝန်နဲ့လွှတ်လိုက်တယ်ဆိုပြီးတော့ တောင်ကုတ်မြို့နယ် တရားရုံးကို စာတင်ပါတယ်။ အဲဒီလို ကိုယ်ပိုင်ခံဝန်နဲ့ လွှတ်လိုက်တယ်လို့ပြောပေမဲ့လည်း ရုံးထုတ်တာလည်းမရှိတဲ့အတွက် တောင်ကုတ်မြို့မရဲစခန်းကိုသွားပြီး စုံစမ်းတဲ့အခါမှာလည်း တောင်ကုတ်ရဲစခန်းက လွှတ်တယ်ဆိုတာကိုသူတို့လည်း ကြားသိရတယ်။ ဒါပေမဲ့ အခု လောလောဆယ် အနေအထားမှာတော့ ဘယ်ကိုရောက်နေတယ်၊ ဘယ်မှာရှိတယ်ဆိုတာကိုတော့ ကျနော်တို့ မသိဘူး၊ ကျနော်တို့ ပြောလည်း မပြောပြနိုင်ဘူးဆိုပြီး အဲဒီလိုပဲပြောလိုက်တယ်”လို့ ပြောပါတယ်။ ကိုစည်သူကျော်ဇံကို ဖမ်းဆီး စစ်ဆေးနေတာမှန်ပေမဲ့ အမှုနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲ ဖြစ်တာကြောင့်ပြောဆိုလို့မရသေးဘူးလို့ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က ပြောပါတယ်။ “စည်ပင်ဥက္ကဋ္ဌ ညီကို ဖမ်းထားတာမှန်ပါတယ်။ မေလ ၂၅ ရက်နေ့ နေ့လည်က ဖမ်းထားတာပါ၊ အမှုနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးစရာရှိလို့ဖမ်းထားတာပါ၊ အဲဒါတွေကတော့ ပြောလို့မရသေးဘူး၊ သတင်းအရဖမ်းဆီးတာပေါ့၊ မဟုတ်ရင်တော့ ပြန်လွှတ်ပေးမှာပေါ့၊ သူကိုတောင်ကုတ် ရဲစခန်းမှာပဲ ချုပ်ထားတယ်” အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(ဈ) အရ ထောင်ဒဏ် (၁၀)နှစ်မှ ထောင်ဒဏ်တစ်သက်ထိချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။ သတင်း- နောင်နောင် 
2 years Ago
Up