close

တောင်ကြီးမြို့

close

March 15, 2023

တောင်ကြီးမြို့၌ PDF အလိုမရှိကြောင်း ဆန္ဒပြရန် ပအိုဝ်းပြည်သူ့စစ်က ရွာသားများကို အတင်းအကျပ်စေခိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မတ်လ ၁၅ ရက် ဒီနေ့မနက်ပိုင်း ပြုလုပ်တဲ့ PDF အလိုမရှိကြောင်း ဆန္ဒပြပွဲမှာ ပါဝင်ဆန္ဒပြဖို့ တောင်ကြီးမြို့တောင်ဘက်က ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေကို တအိမ်တယောက် မလိုက်မနေရ ဆိုပြီး စစ်ကောင်စီလက်အောက်ခံ ပအိုဝ်း PNO ပြည်သူ့စစ်က ဖိအားပေးခိုင်းစေခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါဆန္ဒပြပွဲမှာ ဆန္ဒပြလိုက်ပါဖို့အတွက် PNO ပြည်သူ့စစ်တွေက တောင်ကြီး-ကျောက်တလုံး လမ်းတလျှောက်က ကျေးရွာတွေကို တအိမ်တယောက် မလိုက်မနေရ ခေါ်နေတာဖြစ်ပြီး မလိုက်နိုင်တဲ့အိမ်က ဒဏ်ငွေ ၅၀,၀၀၀ ပေးဆောင်ဖို့ အတင်းအကျပ် ခိုင်းစေနေတယ်လို့ ဒေသခံကပြောပါတယ်။

ကျောက်တလုံးမြို့နယ်က ပအိုဝ်းဒေသခံတဦးက “တအိမ်တယောက် မလိုက်မနေရဆိုပြီး သတင်းထုတ်တာ၊ မလိုက်နိုင်ရင် ၅၀,၀၀၀ ပေးရမယ်တဲ့။ ဒီ ၅၀,၀၀၀ က ဘယ်သူကပေးနိုင်မှာလဲ။ ပြီးတော့ ဒီဒေသမှာက PNO က အမိန့်မနာခံရင် အငြိုးထားတာမျိုးတွေ လုပ်တာရှိတယ်။ PDF နဲ့ ပြည်သူကို သွေးခွဲတဲ့ကိစ္စပါပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ PON က ဦးစီးပြီး PDF၊ KNDF၊ PNDF များအား အလိုမရှိကြောင်း ဆန္ဒပြပွဲကို ဒီနေ့ မတ်လ ၁၅ ရက် မနက်ပိုင်းက တောင်ကြီးမြို့ပြင် ကျောက်တလုံးလမ်းပေါ်က ပအိုဝ်းတပေါင်းကွင်းမှာ ပြုလုပ်ခဲ့ပြီး ဆန္ဒလာပြမယ့် ရွာသားတွေက မနက် ၉ နာရီ အရောက်လာဖို့ PNO ပြည်သူ့စစ်က အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

60 mins Ago

August 4, 2022

တောင်ကြီးမြို့ကို စစ်ကောင်စီက ပုဒ်မ- ၁၄၄ ထုတ်ပြန်

ရှမ်းပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ပြည်နယ်အစိုးရရုံးစိုက်ရာမြို့တော် တောင်ကြီးကို အာဏသိမ်း စစ်ကောင်စီတပ်က သြဂုတ် ၁ ရက်နေ့မှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၁၄၄ ထုတ်ပြန်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ တောင်ကြီးမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဥ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းတွေကို မပြုလုပ်ဖို့နဲ့ လူ ၅ ဦး၊ သို့မဟုတ် ၅ ဦးထက် ပိုသူများအနေနဲ့ လမ်းသွယ်၊ လမ်းကြားမကျန် အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ စုဝေးခြင်း မပြုလုပ်ဖို့ အပါအဝင် ည ၁၂ နာရီကနေ့ မနက် ၄ နာရီအထိ ညမထွက်ရလို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့တော်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းကာ အဓမ္မဖမ်းဆီး ထောင်ချထားတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဒါ့အပြင် ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ ရှမ်းပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်နဲ့ သတင်းမီဒီယာတွေကိုလည်း စစ်ကောင်စီက အဓမ္မ ဖမ်းဆီးထောင်ချထားပါတယ်။

7 months Ago
Up