close

တောင်ငူလေတပ်စခန်းဌာနချုပ်

close

March 29, 2023

တောင်ငူလေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ တောင်ငူမြို့မြောက်ဘက်ရှိ စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်ကို Rain Of Fire စစ်ဆင်ရေးအဖြစ် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

မတ်လ ၂၅ ရက်က ရှော့တိုက်ဒုံး ၄ လုံး၊ မတ်လ ၂၇ ရက်က ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပထမရက်မှာတော့ ဝန်ထမ်းလိုင်းခန်း မြောက်ဘက် တောစပ်နဲ့ လေယာဉ်ပြေးလမ်း အနောက်မြောက်တောင့် ဖြူးကန်ဘေးကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို အတည်ပြုဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၂၇ ရက် တိုက်ခိုက်မှုမှာ လေတပ်စခန်းအတွင်း ဗုံးဂိုထောင်အနီး၊ ဆီလှောင်ကန်အနီးနဲ့ လေယာဉ်ဂိုဒေါင်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လေတပ်စခန်းအတွင်းမှ မီးခိုးတွေ ထွက်ပေါ်လာပါတယ်။

တပ်တွင်းနီးစပ်တဲ့ သတင်းရင်းမြစ်တွေ ပြောဆိုမှုအရ မတ်လ ၂၇ ရက်နေ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ရဟတ်ယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

လေတပ်စခန်း တိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကား၊ ဆိုင်ကယ်တွေနဲ့ ဒိုးအင်းကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လေတပ်စခန်းအတွင်းမှာလည်း ကတုတ်ကျင်း၊ ဗုံးခိုကျင်းတွေတူးကာ ကျီးလန့်စာစား နေထိုင်နေရတယ်လို့ ပဲခူး PDF တွေဆီက သိရပါတယ်။

ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်တွေဟာ နေ့စဥ်လိုလို တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေ များပြားလာနေပါတယ်။

ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း စစ်အာဏာရှင်ကို အမြစ်ပြတ် တိုက်ပွဲဝင်သွားမှာမို့ စစ်ကောင်စီရဲ့ လက်ပါးစေတွေမှန်သမျှ တိုက်ခိုက်သွားမယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

6 mins Ago
Up