တောင်ငူအကျဉ်းထောင်တွင်းမှာ နိုင်ငံတော်သမ္မတကြီး မရှိဘူးလို့ သမ္မတဦးဝင်းမြင့်ရဲ့ ဇနီးဖြစ်သူကို ထောင်အာဏာပိုင်က ပြောဆိုလိုက်ပြီး နောက်တနေ့မှာပဲ ထောင်အပြင်လုံခြုံရေးတွေ ထပ်တိုးတာနဲ့ ဒရုန်းဖျက်စက်တွေပါ အရေးပေါ် တပ်ဆင်လိုက်တယ်လို့ ထောင်ငူထောင်နဲ့ နီးစပ်သူဆီက သိရပါတယ်။
ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်းမှာ သမ္မတကတော် ဒေါ်ချိုချိုက တောင်ငူအကျဉ်းထောင်ကို ထောင်ဝင်စာ အစားအသောက်တွေနဲ့ ရောက်ရှိလာပြီး ထောင်ဝင်စာပို့ဖို့ ကြိုးပမ်းကြောင်း၊ အကျဉ်းထောင်ဂိတ်မှာ ဒေါ်ချိုချိုကို စောင့်ဆိုင်းခိုင်းပြီး အကျဉ်းထောင် အရာရှိတွေက ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ထံသို့ အကြောင်းကြားကြောင်း၊ ဒီနောက် သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်မှာ မရှိဟုဆိုကာ ငြင်းပယ်လိုက်လို့ သမ္မတကတော် ဒေါ်ချိုချိုနဲ့ မိသားစုဝင်များ ပြန်လှည့်သွားရကြောင်း သတင်းဌာနတွေက သတင်းထုတ်ခဲ့ကြပါတယ်။
ထောင်ဝန်ထမ်းမိသားစုနဲ့ နီးစပ်သူတယောက်က “နောက်နေ့ ဇန်နဝါရီ ၂၄ ရက်ကစပြီး ထောင်အုပ်ရိုး အပြင်ဘက်ကို ဗိုလ်မှူးအငြိမ်းစားတယောက် ဦးဆောင်ပြီး အသက်ကြီးစစ်ကောင်စီ အဖိုးကြီးတွေ ၁၅ ယောက်လောက် ယူနီဖောင်းဝတ်ကြီး လက်နက်အပြည့်အစုံနဲ့ လာ စောင့်နေကြတယ်။ နေ့ရောညပါပဲ အကုန်လုံး ပင်စင်စားတွေချည်းပဲ။ အုတ်ရိုးနဲ့ မျှော်စင်တွေမှာလည်း ဒရုံးဖျက်စက်တွေ လာတပ်တာကိုတွေ့ရတယ်”လို့ ပြောပါတယ်။
သမ္မတကြီးကို ဗဟိုကင်း မျှော်စင်ဘေးမှာ သီးသန့်ဆောက်ထားတဲ့ အဲကွန်းနဲ့ မီးဖိုခန်းပါ လုံးချင်းအိမ်လေးမှာထားပြီး ထောင်ဝန်ထမ်း ၅ ယောက် ၊SB- ၂ ယောက်၊ လက်နက်အပြည့်အစုံရဲက ၅ ယောက်လောက်ချထားတယ်လို့လည်း ပြောပါတယ်။
တောင်ငူထောင်မှာ တိုက် ၅ တိုက်ရှိပြီး၊ သေဒဏ်ကျခံထားရသူ ၄ ယောက်ရှိကာ ၂ ယောက်က နိုင်ငံရေးကျဉ်းသားတွေဖြစ်တယ်လို့ တောင်ငူထောင်ကလွတ်လာတဲ့ ရိုးရိုးအကျဉ်းသား တယောက်က ပြောပါတယ်။
သမ္မတကြီးဦးဝင်းမြင့်ကို ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာအသုံးပြုမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အပြင် ရဟတ်ယာဥ်ဝယ်ယူငှားရမ်းမှုနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု ငါးမှုတို့နဲ့ စစ်ကောင်စီက စွပ်စွဲပြီး စုစုပေါင်း ထောင် ၁၂ နှစ် ချမှတ်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့ကမှာတော့ သမ္မတကြီးကို နေပြည်တော် အချုပ်ထောင်ကနေ တောင်ငူထောင်ကို ရွေ့လိုက်တာလို့ ထောင်အသိုက်အဝန်းက ပြောကြားခဲ့ပြီး စစ်ကောင်စီဘက်ကတော့ တောင်ငူထောင်မှာ မရှိကြောင်း နေပြည်တော်မှာ ထောင်ဝင်စာပေးပို့ ပြောဆိုထားပါတယ်။
နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ ထောင်ဒဏ်ချမှတ်ခံရထားရတဲ့ အကျဉ်းသားတချို့ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်ကနေ ဇန်နဝါရီ ၁၄ ရက်နေ့က တောင်ငူထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းမှာ သတင်းထွက်ပေါ်နေပါတယ်။
တောင်ငူထောင်ကမကြာခင်ကလွတ်လာတဲ့ ထောင်၀န်ထမ်းတွေနဲ့ နီးစပ်သူတဦးက “ဇန်နဝါရီ ၁၄ ရက်က Express ကား ၂ စီးဝင်လာတာ၊ သာမန်အကျဉ်းသားဆိုရင် ထောင်အပြင်မှာ ရပ်ပြီး လမ်းလျှောက်ဝင်ရတာ။ အခုက VIP တွေထင်တယ်။ အထဲအထိ မောင်းဝင်သွားတယ်။ နောက် ပြီး မနေ့က ညပိုင်းတာဝန်ကျတဲ့ ဝန်ထမ်းတွေက ခါတိုင်းဆို မနက်ကိုပြန်ထွက်ရတာ။ အခုသူတို့ ပြန်မထွက်ရဘူး။ Duty Change မပေးဘူး၊ နေ့သမားတွေလည်း အခုထိမဝင်ရဘူး။ သတင်းထွက်မှာစိုးလို့ ထင်တယ်၊ အပြင်မှာလည်း လုံခြုံရေးတွေ အများကြီးပဲတိုးချထားတယ်။ အရင်ကတည်းကလည်း သမ္မတကြီးကို ဒီကိုရွှေ့မယ်လို့ကြားထားတာ”လို့ပြောပါတယ်။
သမ္မတကြီးကို တောင်ငူထောင်ကို ရွှေ့လိုက်တဲ့ကိစ္စနဲ့ သီးခြားအတည်ပြုနိုင်ဖို့ တောင်ငူထောင်တာဝန်ရှိသူတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုမယ့်သူ မရှိပါဘူး။
တောင်ငူ ထောင်ပတ်ဝန်းကျင်မှာတော့ တောင်ငူ ရဲတပ်ရင်း ၁၁ နဲ့ စစ်ကောင်စီတပ်အင်အား ၈၀ လောက် လုံခြုံရေးချထားပေမဲ့ ထောင်ဝင်စာ ပါဆယ်ပို့သူတွေကိုတော့ ခါတိုင်းလို ပဲ ပို့လို့ရသေးတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တယောက်က ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက်မနက်ပိုင်းမှာဘဲ ရန်ကုန် အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို အကျဉ်းသားတွေ ကား ၄ စီးနဲ့ ပြောင်းသွားတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
သာယာ၀တီထောင်ကို ထောင်ဝင်စာပို့ပြီး ပြန်တဲ့သူတယောက်က “အချုပ်ကားတစ်စီးမှာ မိန်းကလေးတွေချည်းဘဲ၊ နောက်အချုပ်ကား ၃ စီးမှာ ယောကျ်ားလေးတွေ၊ စုစုပေါင်း အချုပ်ကား ၄ စီးရွှေ့လိုက်တယ်။ သာယာ၀တီထောင်ဘက်မှာကျတော့ သမ္မတကြီးကို သာယာ၀တီထောင်ကို ရွှေ့လိုက်ပြီလို့ အသံလွှင့်ထားတယ်”လို့ပြောပါတယ်။
တကယ်တမ်းမှာ သာယာ၀တီထောင်ကို ရောက်လာတဲ့ ထောင်ပြောင်းတွေက အင်းစိန်ထောင်က အကျဉ်းသားတွေဖြစ်ပြီး နေပြည်တော်ဘက်က လာသူတွေမဟုတ်သလို လူသိများထင်ရှားသူတွေလည်း မပါဘူးလို့ ပြောပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက အာဏာစသိမ်းကတည်းက ဘာအပြစ်မှ မရှိဘဲ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိမှုတွေနဲ့ စွပ်စွဲပြီး ထောင်ဒဏ် စုစုပေါင်း ၁၂ နှစ်ချမှတ်ထားတာဖြစ်ပါတယ်။