ကမ္ဘာအပူဆုံးမြို့များစာရင်းမှာ မြန်မာနိုင်ငံမှ မြို့ ၆ မြို့ ပါဝင်ကြောင်း နိုင်ငံတကာ မိုးလေဝသသတင်းအချက်အလက်များဖော်ပြတဲ့ El Dorado Weather က ထုတ်ပြန်ထားပါတယ်။
El Dorado Weatherက ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ကို နေ့စဉ် ထုတ်ပြန်ပေးနေပြီး မေ ၉ ရက်နေ့ တိုင်းတာချက်အရ မြန်မာနိုင်ငံမှ ချောက်မြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ညောင်ဦးမြို့၊ တောင်ငူမြို့နဲ့ ပြည်မြို့တို့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ချောက်မြို့ဟာ အပူချိန် ၄၅ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်နဲ့ ကမ္ဘာ့အဆင့် ဒုတိယ၊ မကွေးမြို့က ၄၄ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၆၊ မင်းဘူးမြို့က ၄၃ ဒသမ ၆ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၉၊ ညောင်ဦးမြို့က အပူချိန် ၄၃ ဒသမ ၆ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၁၀၊ တောင်ငူမြို့က ၄၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၁၁ နဲ့ ပြည်မြို့က ၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၁၅ နေရာမှာ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရာသီဥတုပူပြင်းတာကြောင့် မြန်မာနိုင်ငံအတွင်း အသက် ၄၀ ကျော်ကနေ ၇၀ ကျော်အတွင်း အနည်းဆုံး ၁၀ ယောက် ရုတ်တရက် သေဆုံးခဲ့ကြတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။
ဒါ့အပြင် ရာသီအပူရှိန်ကြောင့် အိမ်မွေးမြူရေး ကြက်၊ ဘဲတွေနဲ့ စိုက်ပျိုးရေးရာသီ အသီးအနှံပင်တွေ သေဆုံးထိခိုက်ပျက်စီးတာတွေအပြင် အသီးထွက်နှုန်းပါ ကျဆင်းသွားသလို ရေတွင်းရေကန်ခန်းခြောက်ပြီး သောက်သုံးရေ ပြတ်လပ်တာတွေ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။
“ဒီနှစ်က အရင်နှစ်တွေထက်ပိုပူပြင်းတယ်။ ဒီဘက်နယ်မှာက စိုက်ပျိုးရေးလုက်ငန်းကို လုပ်ရတာ အခုအပူဒဏ်ကြောင့် အသီးအနှံပင်တွေ ထိခိုက်ပျက်စီးတယ်၊ အသီးတွေပါ မတင်ဘူး” လို့ စိုက်ပျိုးရေးလုပ်ကိုင်သူတယောက်က ပြောပါတယ်။
ဆီနီဂေါနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ပါကစ္စတန်၊ နိုက်ဂျာနှင့် ချဒ်နိုင်ငံတို့မှ မြို့တွေလည်း ကမ္ဘာအပူဆုံးစာရင်းမှာ ပါဝင်တယ်လို့ El Dorado Weather က ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲက ဒိုးသောင်ရွာမှာရှိတဲ့ ဆုတောင်းပြည့်ဘုရားစောင်းတန်းမှာ မတ်လ ၂၁ ရက် မနက်ပိုင်းက ဆွမ်းခံကြွသွားတဲ့ ဘုန်းကြီးတပါး ဓားခုတ်ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူနေတာ တွေ့ရှိပြီးတဲ့နောက် ဆွမ်းခံအတူကြွတဲ့ ဘုန်းကြီးကျောင်းသား ၂ ယောက်နဲ့ ကျောင်းတိုက်ရှိ သံဃာ ၆ ပါးကို ရဲတပ်ဖွဲ့တွေက လူဝတ်လဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးဟာ မြတ်စောညီနောင်စေတီတော် ပရိဝုဏ်အတွင်းမှာရှိတဲ့ ကုသိနာရုံကျောင်းတိုက်မှာ သီတင်းသုံးနေတာဖြစ်ပြီး ဝါတော် ၃ ဝါ၊ သက်တော် ၆၂ နှစ်ရှိ ဦးကဝိန္ဒဖြစ်ပါတယ်။
ဓားခုတ်ခံရတာကြောင့် ညာဘက်လက်ကောက်ဝတ် ပြတ်ဒဏ်ရာ၊ ရင်ဘတ်ထိုးသွင်း ၂ ချက်၊ လည်ပင်းပြတ်ရှ ၆ ချက်၊ စုစုပေါင်း ပြတ်ရှဒဏ်ရာ ၈ ချက်နဲ့ ပျံလွန်သွားတာလို့ မြို့ခံ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တယောက်က ပြောပေမဲ့ ဘာကြောင့် ဘယ်သူက ဓားနဲ့ ခုတ်တာလဲဆိုတာကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာတော့ သေဆုံးသွားတဲ့ ရုပ်အလောင်းကို တောင်ငူဆေးရုံပို့ထားပြီး သေဆုံးသွားတဲ့ ဘုန်းကြီးနဲ့ ဆွမ်းခံကြွတဲ့ ကုသိနာရုံကျောင်းက ဘုန်းကြီးကျောင်းသား ၂ ယောက်နဲ့ ကျောင်းမှာရှိတဲ့ သံဃာ ၆ ပါးကို မသင်္ကာတဲ့အတွက် အခုလို လူဝတ်လဲ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။