မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က တိုက်ပွဲကျေးရွာ၊ ဖက်သန်းတပ်ကျေးရွာနဲ့ ညောင်မှော်ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကို စက်တင်ဘာ ၁၁ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖမ်းဆီးသွား ပါတယ်။
ဒေသခံကျေးရွာသားတဦးက “ဘာကြောင့်ဖမ်းတာမှန်းကို မသိရဘူး။ ဖက်သန်းတပ်ရွာကဆို ၆ ယောက်ပါသွားတယ်။ မိန်းကလေးတွေရောပဲ ။ ဟိုဘက်ရွာတွေမှာလည်း အဖမ်းခံရတဲ့သူတွေ ရှိတယ်။တွက်လို့ရသလောက် ၁၀ ဦးထက်တော့ မနည်းဘူး။ ဘယ်ခေါ်သွားမှန်းစုံစမ်းလို့မရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ယူနီဖောင်းအပြင် အရပ်ဝတ်တွေနဲ့ပါ ကျေးရွာတွေအတွင်း လှည့်ပတ်သွားလာနေတဲ့အတွက် ဖမ်းဆီးခံရမှာ၊ လူမဆန်စွာနဲ့နှိပ်စက်ခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
အဆိုပါကျေးရွာတွေရဲ့ အနီးတဝိုက်မှာ ပ.ခ.န တပ်၊ က.ပ.စ ၁၈ တပ်နဲ့ ဆောက်လုပ်ရေး GE တပ်တွေ အခြေစိုက်ထားတာ ဖြစ်ပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးရဲ့ အနောက်ဘက် ၅ မိုင်ခန့်ကွာဝေးတဲ့ တလုပ်ပင်ကျေးရွာက အ.မ.က ကျောင်းမှာ ဇွန်လ ၁ ရက် ည ၁၂ လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ဒေသခံကျေးရွာသားတစ်ဦးက “ကျောင်းကို ရောက်သွားကြတော့ ကျောင်းရဲ့ရှေ့ ဝရန်တာမှာ ပုံထားတဲ့ ပျဉ်ပုံမှာ လောင်နေတာ။ မီးတောက်က မြင့်တော့ မျက်နှာကြက်တော့ နည်းနည်းလောင်သွားတယ်။ အခုမနက် စစ်သားနဲ့ရဲတွေ ရောက်လာပြီး သူတို့ထင်တဲ့ ကျနော်တို့ ရွာသားကို ဖမ်းဖို့လုပ်တယ်။ သူက ကြိုသိတော့ ရှောင်သွားတယ်။ ဒါပေမဲ့ သူ့ မိသားစုကိုတော့ မီးလောင်တဲ့ အ.မ.က ကျောင်းထဲမှာခေါ်ထားတယ်လို့ သိရတယ်။ ကျနော့်အထင်တော့ ကျနော်တို့ ရွာသားက အဲ့လိုယုတ်ညံ့တဲ့အလုပ်မျိုးတော့ မလုပ်လောက်ဘူးလို့ထင်တယ်။ ကျနော်တို့ ရွာသား မဖြစ်နိုင်ပါဘူး။'' လို့ ပြောပါတယ်။
တလုပ်ပင်ကျေးရွာ အ.မ.က ကျောင်းမှာ ဇွန်လ ၁ ရက်ကစလို့ ကျောင်းပြန်ဖွင့်ရာမှာ ကျောင်းသားအင်အား ပြီးခဲ့တဲ့နှစ်တွေကနီးပါး ကျောင်းတက်ရောက်တယ်လို့ သိရပါတယ်။