close

တောင်တွင်းကြီး ဆေးရုံ

close

January 4, 2022

တောင်တွင်းကြီးဆေးရုံ၌ ကိုဗစ်ကာကွယ်ဆေးလာထိုးသူများထံမှ ငွေကြေးတောင်းခံ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ ပြည်သူ့ဆေးရုံရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့နေရာမှာ တာဝန်ကျသူတွေဟာ ဆေးထိုးလာတဲ့ ပြည်သူတွေဆီကနေ ငွေကြေးတောင်းခံနေတယ်လို့ ကိုဗစ်ကာကွယ်ဆေး သွားရောက်ထိုးနှံခဲ့သူတွေဆီက သိရပါတယ်။

ဆေးထိုးနှံခဲ့သူတဦးက “၂၀၀၀၀ ပေးခဲ့ရတယ်။ တယောက်နဲ့တယောက် တေင်းတာခြင်းတော့မတူဘူး။ ၅၀၀၀၊ ၁၀၀၀‌၀၊ ၂၀၀၀၀၊ ၃၀၀၀၀ အဲ့လိုမျိုး လူကြည့်တောင်းတာပေါ့။ ဆေးလာထိုးသမျှ လူတွေအကုန်လုံးဆီက တောင်းတာမဟုတ်ဘူး။ အလကားထိုးပေးလိုက်တဲ့သူတွေလည်းရှိပါတယ်” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်က စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပေမယ့် ဆေးလုံလောက်မှု မရှိတဲ့အတွက် ဆေးထိုးတဲ့ လုပ်ငန်းစဉ်ရပ်နားထားခဲ့ရတယ်လို့ ဆေးရုံဝန်ထမ်းတွေဆီက သိရပါတယ်။

“ဆေးရုံက ကာကွယ်ဆေးထိုးပေးတဲ့အဖွဲ့က လုပ်စားနေတာကြာပြီ။  တချို့ဝန်ထမ်းတွေက CDM လုပ်ပြီး အခက်အခဲတွေ ဖြစ်နေတယ်။ သူတို့က အလကားရတဲ့ဆေးကို ပိုက်ဆံယူပြီး ခိုးချောင်ခိုးဝှက်ထိုးပေးတယ်” လို့ ဆေးရုံနဲ့နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပြပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံရာမှာ ငွေကြေးကောက်ခံနေမှုနဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့ တောင်တွင်းကြီးမြို့နယ်ဆေးရုံအုပ်ကြီး ဦးသောင်းဒန်ဦးဆီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

“ဆေးထိုးချင်လွန်းလို့တော့ မဟုတ်ဘူး။ ဆေးထိုးပြီးကြောင်း ထောက်ခံစာလိုချင်လို့ သွားထိုးကြတာ။ အဓိကကတော့ ခရီးသွားမယ့်သူတွေ သွားထိုးကြတော့ ပိုက်ဆံတောင်းလို့ ကောင်းတာပေါ့။ ခေတ်ပျက်ထဲမှာ သူဌေးဖြစ်ချင်တဲ့သူတွေကလည်း ရှိကြသေးတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက မြို့နယ်သာသနာ့ဗိမာန်မှာ ကာကွယ်ဆေးထိုးနှံပေးစဉ် ဆေးထိုးဖို့ တန်းစီတဲ့ ပြည်သူအချို့လည်း စစ်ကောင်စီတပ်သားတွေရဲ့ ရိုက်နှက်တာခံခဲ့ကြရသေးတယ်လို့ ကာယကံရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

1 min Ago
Up