close

တောင်ပြိုလက်ဝဲမြို့

close

June 16, 2022

တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှမူလွန်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာမ ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့၊ သင်္ဘောလှ မူလွန်ကျောင်းက ကျောင်းအုပ်ကြီးနဲ့  ဆရာမတယောက်တို့ ဇွန် ၁၆ ရက် နေ့လယ်ပိုင်းက ပျောက်ဆုံးနေတယ်လို့ ဒေသခံ ကျောင်းဆရာတွေထံက သိရပါတယ်။

ပျောက်ဆုံးနေသူ ၂ ဦးဟာ သင်္ဘောလှကျေးရွာမူလွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဆရာကြီးဦးဘိုဝင်းနဲ့ ဆရာမဒေါ်ဥမ္မာကျော်တို့ဖြစ်ပြီး  မြို့နယ်ပညာရေးမှူးရုံးက ဆင့်ခေါ်တဲ့အတွက် ဆိုင်ကယ်နဲ့အသွား လမ်းမှာ ပျောက်ဆုံးသွားတာလို့ သင်္ဘောလှမူလွန်ကျောင်းမှ ကျောင်းဆရာ ဦးစောမင်းထွန်းက ပြောပါတယ်။ 

“ကျနော်တို့ သင်္ဘောလှကျောင်းက ဆရာတွေနဲ့ ရွာကလူကြီးတွေကို ဒီနေ့ မြို့နယ်ပညာရေးမှူးရုံးက ခေါ်လို့ ဆိုင်ကယ် သုံးစီးနဲ့ လာကြတာ။ ကျနော်နဲ့ အုပ်ချပ်ချုပ်ရေးမှူးကတစ်စီး။  ဆရာကြီးဦးဘိုဝင်းနဲ့ ဆရာမဒေါ်ဥမ္မာကျော်က တစ်စီး၊  ရွာလူကြီး  နှစ်ဦးက တစ်စီးပါ။ ကျနော်တို့ ဆိုင်ကယ် နှစ်စီးက ရန်အောင်ပြင်ခွဆုံကိုရောက်ပြီး ဆရာကြီးတို့အစီးကို စောင့်နေကြတာ။ အချိန်သာကြာသွားတယ် ရောက်မလာကြဘူး။ ဖုန်းခေါ်ကြည့်တော့ ဖုန်းစက်ပိတ်ထားတယ်။ ကျနော်တို့ ပြန်လိုက်သွားပြီး ရှာတော့လည်း မတွေ့ဘူး။ အခု နယ်ခြားစောင့်တွေ၊ စစ်ကြောင်းတွေနဲ့ လိုက်ရှာနေကြတယ်။”

ပျောက်ဆုံးသူ ၂ ဦး စီးလာတဲ့ ဆိုင်ကယ်ကိုတော့ ကျွန်းပေါက်ပြုစုကျေးရွာဟောင်း အနီးခြုံကြားမှာ တွေ့ရှိပြီး လူတွေကတော့ အခုည ၈ နာရီ ​ကျော်အချိန်အထိ ရှာမတွေ့သေးဘဲ မနက်ဖြန် ဆက်လက်ရှာဖွေမယ်လို့ သင်္ဘောလှအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“သူတို့စီးလာတဲ့ ဆိုက်ကယ်ကို ကျွန်းပေါက်ပြုစုကျေးရွာဟောင်းနားမှာ တွေ့တယ်။ ဆိုက်ကယ်ကတော့ ပျက်စီးတာမရှိဘူး။  လူတွေကိုတော့ အခုအထိ ရှာမတွေ့သေးပါ။ ညလည်း မိုးချုပ်ပြီဆိုတော့ မနက်ဖြန်မှ ရှာဖွေကြမှာပါ။”

မောင်တောမြို့နယ် ပညာရေးမှူးဦးအောင်စံကျော်ကလည်း သင်္ဘောလှမူလွန်ကျောင်းက ဆရာ၊ ဆရာမတွေကို စစ်ဆေးမေးမြန်းစရာရှိလို့ ရုံးကိုခေါ်ခဲ့တာဖြစ်တယ်လို့ အတည်ပြု ပြောဆိုပါတယ်။

အခုလို ပညာမှူးရုံးသို့ ခေါ်ယူရတာဟာ အဆိုပါသင်္ဘောလှကျေးရွာက ဆရာ၊ ဆရာမတွေ ကျောင်းတက်ရောက်ခြင်းမရှိဘူးလို့ သက်ဆိုင်ရာက တိုင်တန်းလာလို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သင်္ဘောလှမူလွန်ကျောင်းမှာ  ဆရာ ၅ ဦး၊ ဆရာမ ၄ ဦး တာဝန်ထမ်းဆောင်နေကြောင်း သိရပါတယ်။

10 hours Ago

January 26, 2020

နံသာတောင်ကျေးရွာရှိ ကျိုးပေါက်နေသည့် တာတမံများ ပြုပြင်ပေးရန် တောင်းဆို

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊  တောင်ပြိုလက်ဝဲမြို့အနီးရှိ နံသာတောင်ကျေးရွာရှိ တာတမံတွေ ကျိုးပေါက်နေတာကြောင့် လယ်ယာမြေနဲ့ ငါးပုစွန် မွေးမြူတာ လုပ်ကိုင်မရဘဲ စားဝတ်နေရေး အခက်အခဲကြုံနေလို့ ပြန်လည်ပြုပြင်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။ နံသာတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအထွန်းချေက "ကျနော်တို့က ပုစွန်ကန်နဲ့လယ် လုပ်ကိုင်ကြတာပါ။ အခုက တာတမန်တွေ အကုန်လုံးကျိုးနေတယ်။ အစိုရအနေနဲ့ ပြန်လည်ပြုပြင်ပေးဖို့လိုပါတယ်။ ဒါမှသာ လယ်ဧက ၁၁၂ ဧက ကို ပြန်လည်လုပ်ကိုင်လို့ ရမှာဖြစ်သလို ငါး/ပုစွန်မွေးတာကိုလည်း ယခင်ကလို တနိုင်တပိုင်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်" လို့ ပြောပါတယ်။ နံသာတောင်ကျေးရွာသူ/သားတွေ ယခင်လုပ်ကိုင်ခဲ့ကြတဲ့ ပုစွန်ကန် တာ တံမန်တွေ ပေါက်နေတာကြောင့် ဖားရှာငါးရှာအလုပ်တွေ လုပ်ကိုင်နေရပြီး စားဝတ်နေရေးအခက်အခဲ  ကြုံတွေ့နေကြရတယ်လို့ နံသာတောင်ကျေးရွာသား ဦးကျော်သိန်းနုက ပြောပါတယ်။ "ကျနော်တို့ ကျေးရွာက ၂၀၁၇ ခုနှစ်မှာ အာဆာအဖွဲ့ မီးရှို့တာခံခဲ့ရတယ်။ လူမနေတာကြာပြီးဖြစ်တဲ့အတွက် တာတမန်တွေ အကုန်လုံးကျိုးနေပါတယ်။ ဒါကြောင့် လက်ရှိမှာ ဂဏန်းရှာငါးရှာအလုပ်နဲ့ပဲ လုပ်ကိုင်နေရပါတယ်။" အဆိုပါနံသာတောင်ကျေးရွာရှိ တာတမံတွေ ကျိုးပေါက်နေတာကို မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမောင်အုန်းနဲ့ မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးမိုးနိုင်တို့ ဇန်နဝါရီ ၂၃ ရက်နေ့က နံသာတောင်ကျေးရွာကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါတယ်။ မောင်တောမြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးမိုးနိုင်က "ရေတခါး ၇ ပေါက် ရှိရာမှာ ၄ ပေါက် ကို အသေပိတ်ပြီး ၃ ပေါက်လောက်သာ ဖွင့်ထားရမှာပါ။ ဒါမှ ကျေးရွာရေနုစ်မြုပ်မှုက ကာကွယ်နိုင်မှာဖြစ်သလို လယ်မြေဧက ၁၁၂ ဧကို မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ ပုစွန်ကန်တွေရဲ့ တာတမန်တွေကိုလည်း ပြန်လည်ဆည်ဖို့ ဖို့ လိုပါတယ်။ ကျနော်တို့ အထက်ကိုတင်ပြပြီးမှ နောက်နှစ်ဘတ်ဂျက်တွေ ချပေးမှသာ ပြန်လည်ပြုလုပ်နိုင်မှာပါ။" လို့ ပြောပါတယ်။ နံသာတောင်ကျေးရွာဟာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့ မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်အတွင်း အာဆာ အကြမ်းဖက်အဖွဲ့က မီးရှိုခဲ့ပြီးနောက် ကျေးရွာသူ/သားတွေဟာ မောင်တောမြို့ပေါ်နဲ့ ဆွေမျိုးတွေရှိရာ ကျေးရွာတွေမှာ နေထိုင်ခဲ့ကြတာပါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အိန္ဒိယအစိုးရက နေအိမ် ၄၂ လုံး ဆောက်လုပ်လှူဒါန်းပေးတဲ့အတွက် ပြန်လည်နေထိုင်နေကြတာလို့ သိရပါတယ်။ ကောင်းကောင်း
2 years Ago
Up