close

တောင်အာဖရိကလွှတ်တော်အဆောက်အအုံ

close

January 5, 2022

တောင်အာဖရိကလွှတ်တော်အဆောက်အအုံ မီးရှို့မှုဖြင့် စွပ်စွဲခံထားရသူကို ရုံးထုတ်စစ်ဆေး

တောင်အာဖရိက လွှတ်တော်အဆောက်အအုံကို မီးရှို့ခဲ့သူလို့ စွပ်စွဲခံထားရတဲ့ အသက် ၄၉ နှစ်ရှိ ‘ဇန်ဒီလိ ခရစ္စမတ် မာဖီ’ ဆိုသူကို မီးရှို့မှုနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းများကိုင်ဆောင်မှု အပါအဝင် စွဲချက် ၅ ခုနဲ့ ဇန်နဝါရီ ၄ ရက်နေ့က ကိပ်တောင်းမြို့တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ 

မာဖီကတော့ စွဲချက်အားလုံးကို လက်မခံဘဲ အပြစ်မရှိဘူးလို့ ငြင်းဆန်ပါတယ်။

တရားသူကြီး ဇာမီကီလီ မာဘလိုက မာဖီကို အာမခံကြားနာဖို့အတွက် ဇန်နဝါရီ ၁၁ ရက်အထိ ၇ ရက်ချုပ်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ အစိုးရ စွဲချရှေ့နေတွေကတော့ အာမခံပေးတာကို ကန့်ကွက်မယ်လို့ ဆိုပါတယ်။  

ကိပ်တောင်းမြို့တရားရုံး ပြောရေးဆိုခွင့်ရှိသူက မာဖီကို ဖောက်ထွင်းဝင်ရောက်မှု၊ ခိုးမှု၊ ပေါက်ကွဲစေတဲ့ လက်နက်ကိုင်ဆောင်မှု၊ မီးရှို့မှု၊ နိုင်ငံတော်အဆောက်အအုံ ဖျက်ဆီးမှု၊ အဲဒီ ၅ မှုနဲ့ စွဲထားတယ်လို့ ပြောပါတယ်။ 

ဒါပေမဲ့ ဘယ်လို ပေါက်ကွဲစေတဲ့ လက်နက်အမျိုးအစားလဲ၊ ဘာကြောင့် မီးရှို့တာလဲ ဆိုတာ ပြောကြားခြင်း မရှိပါဘူး။

တောင်အာဖရိက လွှတ်တော်အဆောက်အအုံဟာ ဇန်နဝါရီ ၂ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ လွှတ်တော် တတိယထပ်တခုလုံး လောင်ကျွမ်းခဲ့ပြီး ခေါင်မိုး ပြိုကျခဲ့ပါတယ်။ လွှတ်တော် အဆောက်အအုံဟာ ၁၈၈၄ ခုနှစ် တည်ဆောက်ထားတဲ့ ဒတ်ချ်ဗိသုကာလက်ရာ သမိုင်းဝင်အဆောက်အအုံ ဖြစ်ပါတယ်။

42 seconds Ago
Up