ရန်ကုန် UG လူငယ် ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ငွေတောင်စားသောက်ဆိုင်ကို တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အဲဒီဆိုင်မှာ သွားမစားဖို့နဲ့ သွားလာစားသောက်နေတဲ့သူတွေကိုလည်း ထောက်ထားညှာတာမှာ မဟုတ်ဘူးလို့ Freelance Attack Force - FLA က သတိပေးလိုက်တယ်။
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီ ၂၁ ရက်က လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး ပြန်လာတဲ့ UG ရဲဘော် လူငယ်တဦးကို ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းတွေက ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်လို့ ကျဆုံးခဲ့တဲ့အပေါ် ပြန်လည်ချေမှုန်းသွားမယ်လို့ FLA က ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
FLA တာဝန်ခံက “ကျနော်တို့အဖွဲ့က မစ်ရှင်သွားလုပ်တာ၊ အပြန်မှာ တယောက်ကိုမိသွားတယ်။ ဆိုင်ကဝန်ထမ်းတွေနဲ့ ရပ်ကွက်ထဲက ဝိုင်းရိုက်တာ၊ အဲဒီဆိုင်က တုတ်တွေထုတ်ပေးတာ။ ဖြစ်ဖြစ်ချင်းကကျဆုံးတာ မသေချာသေးသလို မကျဆုံးဘဲ ထုတ်ပြန်လိုက်ရင် ပိုအန္တရာယ်များလို့ပါ။ ပြီးတော့ ကျနော်တို့ရဲဘော်ကိုလည်း ပြန်လိုချင်လို့ပါ။ ကျနော်တို့အဖွဲ့အနေနဲ့ အတော်လေး ယူကျုံးမရလည်းဖြစ်မိတယ်” လို့ ပြောပါတယ်။
အဆိုပါနေ့က တိုက်ခိုက်မှုအပြီး FLA က ရဲဘော်တွေ ပြန်လည်ဆုတ်ခွာလာချိန်မှာ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေးမှာရှိတဲ့ ငွေတောင်စားသောက်ဆိုင်က ဝန်ထမ်းတွေနဲ့ ရပ်ကွက်ထဲကလူတချို့ ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးပေးမှုကြောင့် FLA က ရဲဘော်ချောကလက် (ခ) ရဲဘော်သာဒင်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်က မြို့ပြပြောက်ကျားအဖွဲ့ဝင်တဦးကလည်း “ကျနော်တို့ အကုန်လုံးကို သတိပေးထားတယ်။ အဲဒီဆိုင်မှာ သွားမစားဖို့၊ မသွားလာကြဖို့ အရင်ပြောမယ်။ ပြောထားပြီးရက်နဲ့ သွားလာစားသောက်နေတဲ့သူတွေကိုတော့ ကျနော်တို့ဘက်က ထောက်ထားညှာတာမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
FLA နဲ့ ရန်ကုန်က တခြားသော မြို့ပြပြောက်ကျားအဖွဲ့တွေက ငွေတောင်စားသောက်ဆိုင်ကို တုံ့ပြန်မယ့်စာတွေ အသီးသီးထုတ်ပြီး ပြည်သူတွေအနေနဲ့ ငွေတောင်စားသောက်ဆိုင်ကို သွားရောက်အားမပေးဖို့နဲ့ အနီးအနားကို ပျော်ပါးသွားလာတာတွေ မပြုလုပ်ကြဖို့လည်း သတိပေး တားမြစ်ထားပါတယ်။
ငွေတောင်စားသောက်ဆိုင်ကိုရန်ကုန် တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရပြီးနောက် ဖမ်းဆီး ခံလိုက်ရတဲ့ UG လူငယ် တယောက် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဖမ်းဆီးသတ်ဖြတ်ရာမှာ ပါတဲ့ ငွေတောင်ဆိုင်ကို ဒီနေ့ပိတ်ထားတယ်လို့ အနီးဝန်းကျင်နေ ဒေသခံတွေက ပြောပါတယ်။
ငွေတောင်စားသောက်ဆိုင်ပိုင်ရှင်ရဲ့သားဟာ ဗိုလ်ကြီးအောင်ခိုင်ဝင်း ဖြစ်တယ်လို့သိရပြီး လတ်တလောမှာ စားသောက်ဆိုင်ပင်မခန်းမကို ပိတ်ထားပေမဲ့ ပါဆယ်လာဝယ်သူတွေကို စားပွဲခုံချကာ ရောင်းချပေးနေတဲ့အတွက် လာရောက် အားပေးသူတချိ့ရှိနေပါတယ်။
စားသောက်ဆိုင်အနီး ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရဲကားတစီး ရပ်ထားပြီး လုံခြုံရေး ယူထားပေးထားသလို ပတ်ဝန်းကျင်မှာလည်း အရပ်ဝတ်နဲ့ ကင်းပုန်းတွေချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၁ ရပ်ကွက်၊ ဝေဇယန္တာလမ်းနဲ့ ရတနာလမ်းထောင့်မီးပွိုင့်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၁၂ နာရီဝန်းကျင်က ယာဥ်သုံးစီးဆင့်တိုက်ခဲ့ရာ ယာဥ်တစီး မီးလောင်ပြီး လူသုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၁၂ နာရီဝန်းကျင်လောက်က မီးပွိုင့်အနီးမှာ Alphard အိမ်စီးယာဥ်၊ Mark ll အိမ်စီးယာဥ်နဲ့ လူနာတင်ယာဥ်တစီးတို့ တိုက်မိခဲ့ပြီး Mark ll ယာဥ်မှာ မီးလောင်ကျွမ်းပြီး အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတယောက်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ဝေဇယန္တာလမ်းနဲ့ ရတနာလမ်းထောင့်မီးပွိုင့်နား ယာဥ်သုံးစီးဆင့်တိုက်တာ အောင်ရတနာဆေးရုံနဲ့ News Day ဆီဆိုင်နားဖြစ်တာ Mark ll ကားကတော့ တစ်စီးလုံးမီးလောင် သွားတယ် Alphard လည်းတော်တော်ထိသွားတယ်။”
အဆိုပါယာဥ်တိုက်မှုကို တောင်ဥက္ကလာပမြို့နယ်မီးသတ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းတို့က ယာဥ်နှစ်စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး ဒဏ်ရာရလူနာတွေကိုတော့ ပရဟိတအဖွဲ့က လူနာတင်ယာဥ်တွေနဲ့ စံပြဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိတဦးက ပြောပါတယ်။
မနေ့မနက်ပိုင်းကလည်း မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်းမဘေး လှည်းငုပ်ချောင်းကျေးရွာ ဘောလုံးစက်ရုံရှေ့မှာ ယာဥ်တစီး မီးလောင်ခဲ့လို့ မီးသတ်တွေက မီးငြှိမ်းသတ်ခဲ့ရပါတယ်။