close

တောမီးငြှိမ်း

close

April 3, 2023

ချင်းမိုင်တွင် တောမီးငြှိမ်းသတ်သည့် မီးသတ်သမား ၁ ဦးသေဆုံး၊ မီးခိုးမြူမှုန်ကြောင့် ဆေးရုံလာပြသည့်လူနာ ၁၂၀၀၀ ကျော်ရှိ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ချင်းမိုင်ခွန်ခမ်းအမျိုးသားဥယျာဉ်မှာ တောမီးကူးစက်လောင်ကျွမ်းမှုကို ငြှိမ်းသတ်ရင်း စေတနာ့ဝန်ထမ်း မီးသတ်သမားတယောက် အသက်ရှူကျပ်ပြီး သေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် PBS သတင်းဌာနက ဖော်ပြပါတယ်။

ဥယျာဥ် မီးကူးစက်လောင်ကျွမ်းမှုကြောင့် သေဆုံးသူ အသက် ၃၉ နှစ်အရွယ် ဝီချိုင်နဲ့အဖွဲ့က မတ်လ ၃ဝ ရက်မှာ မီးလောင်မှုကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြပြီး မတ် ၃၁ ရက် စခန်းပြန်ဖို့ စီစဥ်ထားကာ ဝီချိုင်ကို မတွေ့တဲ့အတွက် လိုက်ရှာရက ဥယျာဥ်ထဲမှာ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာပါ။

မီးလောင်ကျွမ်းဒဏ်ရာ မတွေ့ရတဲ့အတွက် အသက်ရှုကျပ်ပြီး သေဆုံးသွားတာဖြစ်နိုင်ကြောင်း တောရိုင်းတိရစ္ဆာန်နဲ့ အပင်ထိန်းသိမ်းရေးဌာန ယာယီညွှန်ကြားရေးမှူးက ပြောပါတယ်။

အဆိုပါ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရင်ခွင်စစ်ဆေးဖို့အတွက် ချင်းမိုင်ဆေးရုံကို ပို့ဆောင်ခဲ့ကြပြီး မီးလောင်ကျွမ်းမှုမှာ သတ္တဝါငယ် ရှဥ့်၊ ယုန်၊ ဖွတ် တို့လည်း မီးလောင်သေဆုံးသွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းမြောက်ပိုင်းမှာ ပြီးခဲ့တဲ့မတ်လ တလလုံးကနေ  ဒီကနေ့ထိ  မီးခိုးမြူတွေထူထပ်သိပ်သည်း နေတာကြောင့် ကျန်းမာရေးထိခိုက်မှုတွေလည်း ရှိနေပါတယ်။ 

အထူးသဖြင့် ချင်းမိုင်ခရိုင်မှာဆိုရင် မီးခိုမြူတွေကြောင့် အသက်ရှုမဝတာ၊ လည်ချောင်းယား၊ မျက်စေ့နာခြင်း ၊ အလာဂျီ ( အရေပြားယားယံ အဖုအပိန့်ထခြင်း ၊ နှာမွှန်ခြင်း  ) စတဲ့ ဝေဒနာ တွေနဲ့ ဆေးရုံဆေးခန်းမှာ လာပြတဲ့လူနာ ၁၂၆၇၁ ဦးရှိပြီး  လူနာခုတင်တွေလည်း ပြည့်နေကြောင်း နောက်ထပ်ဆေးရုံကိုမရောက်လာတဲ့လူနာတွေလည်း ရှိနိုင်ကြောင်း၊ ၊ အဲဒီဝေဒနာတွေကနေ တဆင့် အဆုတ်ယောင်၊ ဦးနှောက်သွေးကြောပြတ်စတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ချင်းမိုင်တက္ကသိုလ် ဆေးဘက်ဆိုင်ရာဌာနက ထုတ်ပြန်ထားကြောင်း ချနယ်လ် ၃ တီဗွီသတင်းမှာ ဖော်ပြပါတယ်။

ချင်းမိုင်ခရိုင်မှာ တောမီးလောင်မှုတွေဖြစ်နေပြီး ဧပြီ ၁ ရက်က ဟန်ဒုန်းမြို့နယ် မဲ့ဟယ်အုပ်စု ရပ်ကွက် ၃ ၊ ဘန့်ပုံအုပ်စု ရပ်ကွက် ၇ နဲ့ ချင်းမိုင်မြို့ ဆုထိပ်ရပ်ကွက်တွေကို မီးခိုးမြူအ ရေးပေါ်ဇုန်အဖြစ်ကြေညာထားပါတယ်။  

Greenspace Thailand ရဲ့ မီးခိုးမြူထွက်ပေါ်ရာ အနီရောင်ဒေသ စစ်ဆေးချက်အရ ထိုင်းမြောက်ပိုင်းမှာ Hot spots စုစုပေါင်း ၃၄၀၀ နေရာရှိပြီး ချင်းမိုင်ခရိုင်မှာ ၅၀၈ နေရာရှိကြောင်း ၊ ထိုင်းနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံဘက်မှာတော့ ၆၄၂၂ နေရာရှိတယ်လို့ ဖော်ပြပါတယ်။ 

ဒါကြောင့် ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော်မီးခိုးမြူပြဿနာ ဖြေရှင်းရေး အ တွက် မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဌာနကို နိုင်ငံခြားရေးဝန်ကြီး ဌာနကနေ တဆင့်  စာပေးပို့ထားပြီး မြန်မာဘက်ကလည်း ပူးပေါင်းဆောင်ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း အ ကြောင်းပြန်ထားတယ်လို့ ဆိုပါတယ်။ 

ဒါတင်မကဘဲ အာဆီယံနိုင်ငံအတွင်း မီးခိုးမြူပြဿနာပူးပေါင်းဖြေရှင်းရေး အစည်းအဝေးလုပ်ဖို့  ထိုင်းနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံများအထွေထွေအတွင်းရေးမှူးထံ တောင်းဆိုထားတယ်လို့ ချနယ် လ် ၃ သတင်းမှာ ဖော်ပြပါတယ်။ 

ဒီကနေ့ ဧပြီလ ၃ ရက်မနက် ထိုင်းမြောက်ပိုင်း မီးခိုးမြူသိပ်သည်းဆ တိုင်းထွာချက်မှာ ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်မှာ ၃၂၇ AQI ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဝိန်းဖန်ခမ်းရပ်ကွက်မှာ ၂၅၃ AQI မယ်ဟောင်ဆောင်ခရိုင် ပိုင်းမြို့နယ်မှာ ၂၅၀ AQI နန့်ခရိုင် ဟွေ့ကွန်းရပ်ကွက်မှာ ၂၈၄ AQI  နဲ့ အမြင့်ဆုံးဖြစ်နေပါတယ်။ 

Ref: The Thaiger/Chiang Mai News

14 mins Ago

September 21, 2020

ဖုန်မုန်တိုင်းကြောင့် အမေရိကန်မီးသတ်သမားများ တောမီးငြှိမ်းရာတွင် အကူအညီရခဲ့

အမေရိကန်နိုင်ငံ အနောက်မြောက်ဘက်ကမ်းရိုးတန်းက အိုရီဂွန်ပြည်နယ်ထဲမှာ မကြုံစဖူး ဖုန်မုန်တိုင်းတိုက်ခဲ့လို့ ပိုအေးပြီး စိုစွတ်တဲ့ရာသီက မီးသတ်သမားတွေအတွက် တောမီးငြှိမ်းသတ်ရာမှာ အကူအညီရခဲ့ပါတယ်။ အိုရီဂွန်ပြည်နယ် ပီစလေမြို့က ဘရတ်တိန် တောမီးရဲ့ဘေးမှာ ဖုန်ဆင်နှာမောင်းဟာ စက်တင်ဘာ ၁၉ ရက်က တိုက်ခတ်ခဲ့တာပါ။ မကြုံစဖူး ဆိုးရွားပြင်းထန်တဲ့ တောမီးကြောင့် အိုရီဂွန်ပြည်နယ်တွင်း လူ ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဝါရှင်တန်ပြည်နယ်မှာ ၁ ယောက် သေဆုံးပါတယ်။ သစ်တောဧကပေါင်း ၁ ဒသမ ၇သန်း မီးလောင်ပြာကျခဲ့ပါတယ်။ မေလ ၁ ရက်က စတဲ့ တောမီးဟာ ပြည်နယ်နှစ်ခုအတွင်း မြို့နယ်အတော်များများကို မီးလောင်ပြာကျစေခဲ့တာပါ။ ကပ်ဘေးအစောပိုင်းကာလ ဘေးကင်းရာ ရွှေ့ပြောင်းချိန်က ပရမ်းပတာ ဖြစ်ခဲ့လို့ မီးဝိုင်းခံရတဲ့ ထောင်ချီတဲ့အိမ်တွေရဲ့ အပျက်အစီးတွေကို ရှာဖွေရေးအဖွဲ့တွေက ပိုက်စိပ်တိုက် ရှာနေလို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ အိုရီဂွန် အရေးပေါ် စီမံအုပ်ချုပ်ရေး အရာရှိတွေက သတိပေးထားပါတယ်။ လေပြင်းတွေက ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေပြီး တနာရီ ၂၅ မိုင်နှုန်းနဲ့ တိုက်ခတ်မယ့် လေထဲမှာ စိုထိုင်းဆ အင်မတန်နည်းတယ်လို့ ဟောကိန်းထုတ်ထားပါတယ်။  နိုင်ငံတောင်ပိုင်းမှာ အပူချိန်က အနေတော်ဖြစ်ပေမယ့် နိုင်ငံမြောက်ပိုင်းက မိုးလေဝသက ပူနွေးခြောက်သွေ့မယ့်ဘက်ကို ပြန်သွားမယ်လို့ ခန့်မှန်းရလို့ လာမယ့်သီတင်းပတ် အစောပိုင်းရက်တွေမှာ မီးအန္တရာယ် ပြန်မြင့်တက်လာနိုင်တယ်လို့လည်း မိုးလေဝသ ခန့်မှန်းချက်တွေက ဆိုထားပါတယ်။
3 years Ago
Up