ပြင်သစ်-သြစတြေးလျ နှစ်နိုင်ငံသား တောရိုင်းသဘာဝ ထိန်းသိမ်းရေးပညာရှင် ယရ်နုံးမ် ဟူးဂွန်နိုဟာ ချဒ်နိုင်ငံမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပြီးနောက်မှာ ပြန်လွတ်လာပြီလို့ ယာယီသမ္မတ မယ်ဟာမတ်ထ် အီဒရစ်စ် ဒဲဘီက အောက်တိုဘာ ၃၀ ရက်မှာ ပြောပါတယ်။
ယာယီသမ္မတ ဒဲဘီက သူတို့ ဘယ်လိုအောင်မြင်ခဲ့တယ် ဆိုတာကို အသေးစိတ်မဖော်ပြဘဲ ဟူးဂွန်နို ပြန်လွတ်မြောက်လာတဲ့အကြောင်းကို တွစ်တာမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဟူးဂွန်နို လွတ်မြောက်လာပြီးနောက်မှာ သူဟာ ၄၈ နာရီအတွင်း ချဒ်နဲ့ ပြင်သစ် နှစ်နိုင်ငံဟာ သူတို့နိုင်ငံသားတယောက်ကို ကာကွယ်ပေးဖို့ နိုင်ငံနှစ်ခု အတူတကွ လုပ်ဆောင်နိုင်ကြောင်းကို မြင်တွေ့လိုက်ရပါတယ်လို့ ပြောဆိုပါတယ်။
ထိန်းသိမ်းရေးအဖွဲ့ကိုယ်စား အိုးရစ်က်စ်ပန်းခြံကို စီမံခန့်ခွဲသူ ဟူးဂွန်နိုဟာ အောက်တိုဘာ ၂၈ ရက်က အရှေ့မြောက်ပိုင်း ဝါဒီ ဖီရာ ပြည်နယ်မှာ အမည်မသိသူတွေကနေ ပြန်ပေးဆွဲခံခဲ့ရတာပါ။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ပြင်သစ်နိုင်ငံသားတယောက် ပြန်ပေးဆွဲခံရတာကို သိရှိခဲ့ပြီး သူ့မိသားစုနဲ့ အဆက်အသွယ် လုပ်ခဲ့တဲ့အပြင် ချဒ်အာဏာပိုင်တွေကိုလည်း ဆက်သွယ်ခဲ့ပြီး အမြန်လွတ်အောင် ကူညီပေးဖို့ တောင်းဆိုခဲ့ကြောင်း အောက်တိုဘာ ၂၉ ရက်မှာ ဝန်ကြီးဌာန သတင်းရင်းမြစ်တခုက ပြောပါတယ်။
ဝန်ကြီးဌာနကတော့ သူ့လွတ်မြောက်မှုအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်း အကြောင်းမပြန်ပါဘူး။