လွန်ခဲ့တဲ့ ၄ နှစ်က ထိုင်းနိုင်ငံ မြောက်ပိုင်းက ကျောက်ဂူထဲမှာ ကလေးငယ် ၁၂ ယောက်နဲ့ သူတို့ရဲ့ ဘောလုံးအသင်းနည်းပြတို့ ပိတ်မိခဲ့ပြိး သဲထိတ်ရင်ဖို ကယ်တင်ခဲ့ရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံတဲ့ ဇာတ်လမ်းကို အော်စကာ ဒါရိုက်တာ ရွန် ဟော့ဝေါ့ဒ်က ရိုက်ကူးထားပြီး ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်က တောဝက်အကယ်ဒမီဘောလုံးအသင်းမှ ဘောလုံးနည်းပြ ၁ ဦးအပါအဝင် လူငယ် ၁၃ ဦးတို့ဟာ မယ်ဆိုင်မြို့နယ် ဒွိုင်နန်းနွန်းကျောက်ဂူထဲ လေ့လာရေး ခရီးထွက်ရင်း ရုတ်တရက် ရေကြီးခဲ့တာကြောင့် ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြား ရှိတဲ့ ကျောင်းသားလေးတွေနဲ့ အသက် ၂၅ နှစ် အရွယ် သူတို့ရဲ့ ဘောလုံးနည်းပြဟာ ၉ ရက်ကြာအောင် ဂူထဲမှာ ပိတ်မိနေခဲ့ပြီး စားစရာနည်းနည်းပါးပါးကို မျှဝေစားကြရင်း ကျောက်စက်မိုးမျှော်က ရေကိုခံပြီး သောက်ခဲ့ကြရင်း ရှင်သန်ခဲ့ကြပါတယ်။
နောက်ဆုံးမှာ သူတို့ကို ဗြိတိသျှလူမျိုး ကျောက်ဂူရေငုပ်သမားက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
အလွန် ခက်ခဲရှုပ်ထွေးတဲ့ ကယ်ဆယ်ရေးလုပ်ငန်းဟာ ၂ ပတ်နီးပါး ကြာခဲ့ပြီး ထိုင်းစစ်တပ်က အထူးလေ့ကျင့်ထားတဲ့ Navy SEAL တပ်ဖွဲ့နဲ့ ကမ္ဘာတဝန်းလုံးက ကယ်ဆယ်ရေး ကျွမ်းကျင်တဲ့ ဗော်လံတီယာတွေ ပါဝင်ခဲ့ပါတယ်။
အကွေ့အကောက်အရှုပ်အထွေးများတဲ့ ကျောက်ဂူထဲကနေ ဂူအ၀အထိရောက်အောင် တဆင့်ပြီး တဆင့် ကယ်တင်ခဲ့ရတဲ့ ဇာတ်လမ်းကို "Thirteen Lives" အမည်နဲ့ ရိုက်ကူးထားပြီး လန်ဒန်မြို့က လန်ဇက်စတာ စကွဲမှာ ဇူလိုင် ၁၈ ရက်က ပွဲဦးထွက် premiere ပြသခဲ့ပါတယ်။
"Thirteen Lives" ရုပ်ရှင်ကို အမေရိကား၊ ယူကေတို့မှာ ဇူလိုင် ၂၉ မှာ ရုံတင်ပြီး သြဂုတ် ၅ ရက်က စလို့ တကမ္ဘာလုံးက ရုပ်ရှင်ကြည့် ပရိသတ် ရှေ့မှောက်ကို ရောက်လာတော့မှာ ဖြစ်ပါတယ်။