close

တော်လှန်ရေးတပ်ဖွဲ့

close

April 8, 2023

တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို ထိုင်းကဖမ်းဆီးပြီး BGF ထံပြန်လွှဲပေးမှု နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနှင့်မညီဟု NUG ထုတ်ပြန်

တော်လှန်ရေးတပ်ဖွဲ့ဝင် မြန်မာလူငယ် ၃ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး စစ်ကောင်စီလက်အောက်ခံ BGF နယ်ခြားစောင့်တပ်ထံ လွှဲပြောင်းပေးအပ်ခဲ့တဲ့ဖြစ်စဉ်ဟာ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှုမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ ကေအန်ယူ တပ်မဟာ ၆ ဒေသမှာ တော်လှန်ရေးတာဝန် ထမ်းဆောင်နေရင်း ရတဲ့ ဒဏ်ရာကို ဆေးကုသဖို့  နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနယ်စပ် မဲဆောက်မြို့ကို အရေးပေါ်သွားရောက်စဉ် မတ်လ ၃၁ ရက်က  ထက်နေဝင်း (ခ)တောင်ပိုင်းနဂါးအပါ ရဲဘော်သုံးဦး ထိုင်းလဝကရဲ့ဖမ်းဆီးခံလိုက်ရပြီးနောက်  BGF တပ်ဖွဲ့လက်ထဲကို ပြန်ပို့ခံရတာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်က မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်ရက်စက်မှုတွေအပါအဝင်  အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်း ခိုလှုံရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ ကိစ္စရပ်ဖြစ်တာကြောင့် NUG အနေနဲ့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတာနဲ့အညီ အဆိုပါ ဖြစ်စဉ်နဲ့တကွ အလားတူဖြစ်စဉ်တွေကို အထူးအလေးထားဦးစားပေးပြီးတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်း၊ ဖြေရှင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပြောပါတယ်။

ထိုင်း လ.ဝ.က ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ PDF ရဲဘော် ၃ ဦးဟာ Lion Battalion စစ်ကြောင်းက  ဒု-စစ်ကြောင်းမှူး ကိုသီဟ (၃၈ နှစ်)၊ ထက်နေဝန်း(ခ)တောင်ပိုင်းနဂါး (၃၁ နှစ်)နဲ့ စောဖြိုးလေး (၂၆ နှစ်)တို့ဖြစ်ကြပါတယ်။

သူတို့ကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီပြီး BGF ဆီ လွှဲပြောင်းအပ်နှံခဲ့ပြီးနောက် မြဝတီမြို့ အင်ကြင်းမြိုင် BGF ဂိတ်မှာ ပစ်ခတ်ခံရလို့  သူတို့ထဲက ၁ ယောက် သေဆုံးသွားကာ ကျန် ၂ ယောက်ကို BGF က စစ်ကောင်စီထံ အပ်နှံလိုက်တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ ဒီဗွီဘီသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဆိုပါလူငယ် ၃ ယောက်ဟာ မဲဆောက်မြို့ကို ဆေးကုသဖို့ လာရောက်ရာမှာ ထိုင်းလဝက ရဲနဲ့ စစ်တပ်ဂိတ်ကို လမ်းမှားရောက်သွားခဲ့လို့ ဖမ်းဆီးခံခဲ့ရာကာ မြန်မာဘက်ခြမ်းက နယ်ခြားစောင့်တပ် BGF ဂိတ်ကိုပို့ဆောင်ခံရတာဖြစ်ကြောင်းနဲ့  ပစ်သတ်ခံလိုက်ရတယ်ဆိုတာတော့ မဟုတ်ဘူးလို့ တောင်ပိုင်းနဂါးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"အရေးပေါ်ဆေးလာကုတဲ့အချိန် တောမောင်း(လဝက)က ဖမ်းဆီးလိုက်တာလို့ ကြားတယ်။ ပထမ ညှိသေးတယ်။ ဒါပေမဲ့ စစ်ကောင်စီကနေ ဒီဘက်မှာ By name နဲ့ ဖမ်းဖို့ပြောထားတာတွေရှိတော့ ဟိုဘက်ကမ်း BGF ဂိတ်ကို ပြန်သွန်တာ အသတ်ခံလိုက်ရတယ်ဆိုတာတော့ မဟုတ်ဘူး။ သုံးယောက်လုံးကို လက်ရှိ မော်လမြိုင်စစ်ကြောရေးမှာ ပို့ထားလို့သိရတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒု-စစ်ကြောင်းမှူး ကိုသီဟက ရင်ဘတ်ဒဏ်ရာကြောင့် မော်လမြိုင်မြို့မှာ ဆေးကုသမှုခံယူနေပြီး ကျန်နှစ်ဦးထဲက တစ်ဦးက ပေါင်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ လူငယ် ၃ ဦးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ တရားဝင်ထုတ်ပြန်တာမရှိထားတဲ့အတွက် ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိမှာတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နိုင်ငံရေးအရ တိမ်းရှောင်လာသူတွေ များပြားလာနေပြီး စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခိုင်းတဲ့အတွက် CDM တွေ၊ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ သတိနဲ့ နေထိုင်နေရပြီး ထိုင်းအာဏာပိုင်တွေကလည်း မကြာခဏ ဖမ်းဆီး ငွေညှစ်တာမျိုးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာတော့ မြန်မာစစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်နေသူတွေ အပါအဝင် တရားမဝင်နဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာတွေသိန်းနဲ့ချီရှိနေပြီး ထိုင်း စစ်တပ်၊ ရဲ၊ လဝကအပါအဝင် လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်းက မကြာခဏ စစ်ဆေးအရေးယူတာ၊ ဖမ်းဆီးထောင်ချတာ၊ ငွေညှစ်တာ၊ ခြိမ်းခြောက်အကြပ်ကိုင်တာတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ လတုန်းကလည်း မြန်မာတွေ နေထိုင်ရာ တိုက်ခန်းတွေကို ထိုင်းရဲနဲ့ စစ်တပ်က ဝင်ရောင်စီးနင်းစစ်ဆေးရှာဖွေခဲ့သလို  ခုရက်ပိုင်းမှာလည်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာရသူတွေနဲ့အတူ ဖမ်းဆီးစစ်ဆေးမှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

4 mins Ago

March 9, 2023

ကလေးမြို့ စည်ပင်သာယာကား ၂ စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့က သိမ်းယူ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ပင်လုံရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်ရုံးက အမှိုက်ကား ၂ စီးကို မတ်လ ၇ ရက် မနက် ၁၀ နာရီကျော်က ကလေးမြို့ပြစစ်ဆင်ရေး တပ်ဖွဲ့ Special Underground ကသိမ်းယူခဲ့တယ်လို့ တော်လှန်ရေးအင်အားစုဘက်က ပြောပါတယ်။

ကလေးမြို့နယ်မှာ မြို့နယ်စည်ပင်က ဒေသခံတွေထံက အခွန်ငွေတွေ အဆမတန် တောင်းခံနေတာကြောင့် မြို့နယ်စည်ပင်ရုံးကို သတိပေးစာသွားပေးရာ လမ်းမှာ စည်ပင်ကားနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

စည်ပင်ကားတွေဟာ တာဟန်းရပ်ကွက်ကို အမှိုက်တွေလာမသိမ်းတာ၊ တာဝန်ပျက်ကွက်ပြီး ကိုယ့်အလုပ်ကို တာဝန်ကျေအောင်မလုပ်တာတွေနဲ့ ပတ်သက်ပြီး စည်ပင်ကား၂ စီးရဲ့ ကားမောင်းသူ ၂ ယောက်ကို တားဆီးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

တာဟန်းရပ်ကွက်ကို PDF တွေမကြာခဏဝင်လေ့ရှိလို့ လုံးဝအမှိုက်မသိမ်းဖို့၊ မသွားဖို့ စည်ပင်ဦးစီးက  ပိတ်လိုက်တာကြောင့် အမှိုက်သွားရောက်မသိမ်းရတာလို့ အဆိုပါ ယာဉ်မောင်းဝန်ထမ်း ၂ ဦးက ပြောပါတယ်။

စည်ပင်ကား‌ ၂ စီးဟာ ကလေးမြို့တွင်းက အမှိုက်တွေကို လိုက်လံသိမ်းဆည်းကာ ဆည်ကြီးတံတားအနီး ကလေး-လက်ပံချောင်း ကားလမ်းအနီးရှိ အမှိုက်ကန်မှာ အမှိုက်စွန့်ပစ်ပြီး အပြန် PDF တွေရဲ့ ဓားပြတိုက်ခံခဲ့ရတာလို့ စစ်ကောင်စီဘက်ကတော့  ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်ရုံးက မြို့နေပြည်သူတွေကို ခွဲခြားဆက်ဆံနေတာကြောင့် ကားကိုသိမ်းယူခဲ့တာလို့ Special Underground တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြို့ခံတွေက စစ်ကောင်စီလက်အောက်ခံ စည်ပင်ရုံးထံ အခွန်‌ငွေတွေ ဆောင်ကြရာမှာ အရင်ထက် အခွန်ငွေတွေ ပိုပေးနေရပြီး လိုင်စင်မဲ့ အသားရောင်းတဲ့ ဈေးသည်‌တွေကိုလည်း ‌စစ်ကောင်စီက ဈေးထဲအထိ လိုက်လံဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အရင်က ဆိုင်းဘုတ်အသေး လိုင်စင်ခွန်ကို တနှစ် ၁၅,၀၀၀ ကျပ် ပေးဆောင်ရာက အခုအချိန်မှာ တနှစ်ကို ၃၅,၀၀၀ ကျပ်အထိ ပေးဆောင်နေရတယ်” လို့ ကလေးမြို့ ဈေးဆိုင်တဆိုင်မှ စျေးရောင်းတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ဝင်ငွေနည်းပါးနေတဲ့ စစ်ကောင်စီအတွက် ပြည်သူလူထုထံကနေ အဆမတန် ငွေရှာပေးနေတဲ့ စည်ပင်ရုံးကို သတိပေးစာနဲ့အတူ ကျည်ဆန် ၃ တောင့်ပါ တပါတည်း ပေးအပ်ခဲ့တယ်လို့  ကလေးမြို့ပြစစ်ဆင်ရေး Special Underground တပ်ဖွဲ့က  ဆိုပါတယ်။

မြို့နယ်စည်ပင်ရုံးအနေနဲ့ မိမိတို့အမှိုက်သိမ်းကားကို ပြန်လည်ရယူလိုပါက ဒေသခံပြည်သူတွေထံ အခွန်ငွေ အဆမတန် တောင်းခံခြင်း မပြုဖို့နဲ့ တာဟန်းရပ်ကွက်ကို အရင်လို ပုံမှန်အတိုင်း အမှိုက်သိမ်းဖို့ တာဝန်ယူနိုင်ပါက မိမိတို့ တော်လှန်ရေးအင်အားစုထံ ဆက်သွယ်ပြီး လာရောက်ယူဆောင်နိုင်တယ်လို့ ဆိုပါတယ်။

မနှစ်ကလည်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်ရုံးထံက အမှိုက်သိမ်းကားတစီးကို တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်ဖို့ Ranger Kalay Defense Force က သိမ်းယူခဲ့ပါသေးတယ်။

4 weeks Ago
Up