အဆိုတော်လင်းလင်း ရိုက်ကူးတဲ့ တော်လှန်ရေးရုပ်ရှင်ကား ၂ ကားဟာ နာမည်ကြီး ပြင်သစ် ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes World Film Festival မှာ ဆုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့အချစ်တော် သရုပ်ဆောင် ဒေါင်းနဲ့ ချစ်သုဝေတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ဇာတ်လမ်းတို “စမှတ်” ရုပ်ရှင်ကတော့ “Best Educational Film Award” ဆု ရရှိခဲ့တာဖြစ်ပြီး တော်လှန်ရေး မျက်နှာစာပေါ် ဘာမှ မလှုပ်ရှားရသေးတဲ့ Musical Film အနေနဲ့ ရိုက်ကူးထားတဲ့ “The Way” ရုပ်ရှင်ကတော့ “Best Mobile Feature Film Award” ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သရုပ်ဆောင် ချစ်သုဝေက တော်လှန်ရေး အနုပညာ မောင်နှမတွေ စုစုစည်းစည်း လုပ်ဆောင်ခဲ့ကြလို့ ရရှိခဲ့တဲ့ ဒီဆုဟာ ထိုက်တန်တယ်လို့ ပြောပါတယ်။
“စိတ်ဓာတ်နဲ့ အနုပညာကို အကျဥ်းချမရ… ဖိနှိပ်မရ… ဒီနွေဦးမှာ ၈ နှစ်အကြာမှ ရုပ်ရှင် ပြန်ရိုက်ဖြစ်တယ်ပြောရမှာပေါ့… နိုင်ရာဝန်နဲ့ ငါတို့အသံတွေ တိတ်မနေဖို့ ကြိုးစားခဲ့ကြတာ… Cannes World Film Festival မှာ official selected ဖြစ်ပြီး semifinal… final… nominess ထိ ဖြတ်ကျော်ပြီး ခု လို ၂ ကားလုံး award winning ဖြစ်တော့ စိတ်ထဲ ဘယ် လိုပျော်မှန်းမသိဘူး… ( *Festival de Cannes မဟုတ်ပါ )… မပြည့်စုံမှုတွေမှာ တို့တွေမှာ စိတ်ဓာတ်ရယ် အနုပညာရယ်ပဲ ရှိခဲ့တာ... 'စမှတ်' က ကိုလင်း ရဲ့ပထမဆုံးကား... ဒီကားမှာ ကိုယ်က နေရာ ၁ ခုမှာ ဝင်စီးမျောခဲ့ရတာ… "The Way" ကတော့ ခုထိ တလရ မျက်နှာစာပေါ် ဘာမှ မလှုပ်ရှားရသေးတဲ့ကားတစ်ခုပဲ… "The Way" musical ရိုက်မယ်ပြောတော့ တကယ့်ကို မဖြစ်နိုင်တာကို ငါ့ယောကျာ်းတော့ လုပ်ပြီလို့ တွေးမိတယ် (မဖြစ် နိုင်တယ်ဆိုတာ အချိန်ရယ်, security ရယ်, resource တွေရယ် ဘာဆို ဘာမှမပြည့်စုံ မလုံလောက်ဘူး)… ဒါပေမယ့် တလရ မောင်နှမ အားလုံး အတော်ပင်ပမ်း ဝိုင်းဝန်း ကြိုးစားခဲ့ကြတယ်။ Treza ဆို the way မှာ actor တွေ အဝတ်အတွက်ရော ဖိနပ်တွေရော စီစဥ်တာအစ catering ပါဝင်ပါခဲ့ရတာ… ဒီလိုပဲ "The Way" မှာ ပါဝင်သူအားလုံးဟာ စုဖွဲ့မှုအားကောင်းကောင်းနဲ့ ချိတ်ဆက်လုပ်ကိုင်ခဲ့ကြတာမို့… အဲ့အတွက် ဒီဆုဟာ ငါတို့နဲ့ ထိုက်တန်တယ်လို့ တကယ်တွေးမိတယ်။ ပျော်တယ်ကွာ... ပျော်ချင်ရင် website တွေသာ ဝင်ကြည့်တော့ ကိုယ့်နိုင်ငံ နာမည်နဲ့ ကိုယ်အနုပညာကို အသိအမှတ်ပြုခံရတာ ဒီကာလမှာ ရင်ထဲတကယ်ကြည်နူးရလို့❤”
မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင် တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။
“The Way” ရုပ်ရှင်ကားထဲမှာ ပါဝင်ထားတဲ့ တော်လှန်အနုပညာရှင် မြတ်နိုးအေးကလည်း ခုလိုပြောပါတယ်။
“ဒီဘက် ကမ္ဘာအခြမ်းမှာ ပညာအစုံတွေ ရှိကြတဲ့လူတွေက ပစ္စည်းတော့ မစုံမလင် ရှိ တာလေးတွေနဲ့ကိုမှ ဖုန်းလေးနဲ့ပဲ ရိုက်ခဲ့ရတဲ့ ကားလေး… nominations တွေ ဝင်ကတည်းက တစ်ဖွဲ့သားလုံး အရမ်းပျော်နေကြတာ… ခုတော့ “The Way” musical film လေးက “Best Mobile Feature Film” award လေး Cannes World Film Festival မှာ ရသွားတယ်တဲ့..👏 ဘဝမှာ ပထမဦးဆုံး သီချင်းဆိုပြီး ရိုက်ဖူးတဲ့ ကားလေး ပေါ့နော်😅 ဆုပါရသွားတော့ သိပ်ကိုပျော်ရပါတယ်🤎 မြတ်နိုးပါတဲ့ “The Way” လေး အပြင် ကိုလင်းရဲ့ “စမှတ် “လေးပါ “Best Educational Film award တစ်ဆု ထပ်ရပါသေးတယ်… နှစ်ကားလုံးအတွက် congratulations✨👏☺️”
လတ်တလောမှာတော့ နွေဦးတော်လှန်ရေး ခရီးကြမ်း ၂ နှစ်ကျော် ကာလတွေအတွင်းမှာ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေဟာ ပြည်သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ တတ်စွမ်းသမျှ တော်လှန်အနုပညာ စွမ်းအားနဲ့ တတပ်တအား ပါဝင်နေကြတာ ဖြစ်ပါတယ်။
တော်လှန်ရေး ရုပ်ရှင်ဇာတ်လမ်းတိုတခုဖြစ်တဲ့ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်ရဲ့ Official Trailer ထွက်ရှိလာပါတယ်။
ဒီကားကိုတော့ တော်လှန်အနုပညာရှင် စုံတွဲတတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့က ဖန်တီးရိုက်ကူး တင်ဆက်ထားကြတာ ဖြစ်ပါတယ်။
“‘သင်ပုန်းချေလိုက်ပါ... ပြီးခဲ့တာတွေ ပြီးသွားပြီမို့ ခွင့်လွှတ်လိုက်... မေ့လိုက်ပါ’ ဆိုပြီး လွယ်လင့်တကူ လျှောချလိုက်လို့ မရပါဘူး။ နစ်နာခဲ့သူတွေ၊ အသက်ပေးခဲ့ရသူတွေ၊ ခြေလက်ဆုံးရှုံးသွားသူတွေ၊ ပျက်စီးသွားရတဲ့ ချွေးနည်းစာတွေ၊ လောင်ကျွမ်းပြာကျသွားတဲ့ အိုးအိမ်တွေ၊ စည်းစိမ်ဥစ္စာတွေ၊ ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်တွေ၊ ပျောက်ဆုံးသွားခဲ့ရတဲ့ အနာဂတ်တွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေအတွက် ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်မှ ရပါမယ်။ လက်နက်အားကိုးပြီး ထင်ရာစိုင်း အဓမ္မပြုကျင့်သူ၊ အာဏာရူးတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ဘောင်မဝင်ပါဘူး။ သမိုင်းအဆက်ဆက် ပြစ်ဒဏ်က လွတ်ကင်းခွင့်ရခဲ့တဲ့ လူ့အန္ဓတွေရဲ့ ‘မိုက်လို့လုပ်တာကွာ... ဘာဖြစ်လဲ၊ ပွဲပြီးသွားရင်လည်း ငါတို့က အခြေပျက်စရာအကြောင်းမရှိဘူး’ ဆိုတဲ့ စိတ်ဓာတ်တွေကို အပြီးအပိုင် ချုပ်ငြိမ်းသွားအောင် နိုင်ငံတကာခုံရုံးကနေ တရားစီရင်နိုင်ခွင့်ရဖို့ ကျနော်တို့ မဆုတ်မနစ် ဆက်ပြီး ကြိုးစားကြရပါမယ်။”
“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်ဇာတ်လမ်းတိုထဲမှာတော့ သရုပ်ဆောင် အောင်မြင့်မြတ်၊ ပိုင်ဖြိုးသုနဲ့ ကောင်းကောင်း (ကျီးကန်း) တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး ကမ္ဘာအနှံ့ နိုင်ငံအသီးသီးက မြို့ကြီးအများအပြားမှာ ပြသဖို့ စီစဥ်ထားတာမို့ မကြာခင်မှာပဲ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါရိုက်တာဏကြီးဟာ ဒီမတိုင်ခင် ပြီးခဲ့တဲ့နှစ်တုန်းကလည်း “နိုင်ငံပျောက်သူ” ရုပ်ရှင်ဇာတ်လမ်းတိုကို သရုပ်ဆောင်မင်းသား ဒေါင်း၊ ပိုင်ဖြိုးသုတို့နဲ့အတူ ရိုက်ကူးပုံဖော်ခဲ့ပြီး တော်လှန်ရေးအတွက် တဖက်တလမ်းကနေ ရန်ပုံငွေရှာဖွေပေးခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ နာမည်ကျော် အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ ဒါရိုက်တာဏကြီး၊ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ အပါအဝင် အနုပညာရှင်များစွာ ပါဝင်နေခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်မှာ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပိုပို၊ စောဖိုးခွား၊ ဝင်းမင်းသန်းတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့တာပါ။
လတ်တလော လွတ်မြောက်လာသူတွေထဲမှာတော့ ထင်ရှားတဲ့ အဆိုတော် စောဖိုးခွားနဲ့ သရုပ်ဆောင် ရဲတိုက်တို့ ပါဝင်လာခြင်း မရှိသေးပါဘူး။