အသက် ၇၇ နှစ်အရွယ် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ တော်ဝင်မင်းသား နိုရိုဒွန်ရာနာရစ်ဒ်ဟာ ပြင်သစ်နိုင်ငံမှာ ကွယ်လွန်ခဲ့ပြီလို့ တော်ဝင်နန်းတော်ရဲ့ သတင်းအချက်အလက်ကို ကိုးကားပြီး ပြန်ကြားရေးဝန်ကြီး ခရွန်ကန်ဟာရစ်က ရိုက်တာ သတင်းဌာနကို နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
သူဟာ လက်ရှိ ကမ္ဘောဒီးယား ဘုရင်နဲ့ ညီအစ်ကို တော်စပ်သူဖြစ်ပြီး သူဦးဆောင်တဲ့ နိုင်ငံရေး ပါတီက ၁၉၉၃ ခုနှစ်မှာ မဲနိုင်ခဲ့ပေမယ့် ၁၉၉၇ ခုနှစ်မှာတော့ ညွန့်ပေါင်းမိတ်ဖက် ဟွန်ဆန်က အာဏာသိမ်းဖြုတ်ချတာ ခံခဲ့ရပါတယ်။
သူဖြုတ်ချခံရအပြီး နှစ်တော်တော်ကြာတဲ့အထိ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ဖန်စင်ပက်ပါတီကို ဆက်ပြီး ဦးဆောင်ခဲ့လို့ ရာနာရစ်ဒ်ဟာ လတ်တလော ဆယ်စုနှစ်တွေအတွင်း ကမ္ဘောဒီးယား တော်ဝင် မိသားစုရဲ့ နိုင်ငံရေးအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။
သစ္စာဖောက်မှုနဲ့ ထောင်ချခံရသူတဦး ဦးဆောင်တဲ့ နိုင်ငံရေးပါတီကို ဖျက်သိမ်းဖို့ သူဟာ ၂၀၁၇ ခုနှစ်မှာ ကျောထောက်နောက်ခံပေးခဲ့လို့ ဟွန်ဆန်ရဲ့ အတိုက်အခံတွေက တုန်လှုပ် ချောက်ချားခဲ့ကြပါတယ်။ သူကတော့ ဟွန်ဆန်နဲ့ တွဲလုပ်ဖို့ကလွဲလို့ တခြားရွေးစရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။
ဟွန်ဆန်ဟာ ခင်ဗျား လိုချင်သည် ဖြစ်စေ မလိုချင်သည် ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ ဒီနိုင်ငံ ညီညွတ်ရေးကို ဆောင်ကြဉ်းနေတယ်လို့ ပြောရင်း သူ့ရပ်တည်ချက်အကြောင်း ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၇၀ ပြည့်လွန်နှောင်းပိုင်းကာလ ခမာနီတွေဆီကနေ ဘက်ပြောင်းလာ အပြီး ဟွန်ဆန်ဟာ အိမ်နီးချင်း ဗီယက်နမ်နိုင်ငံရဲ့ ကျောထောက်နောက်ခံနဲ့ ခမာနီတွေကို ဆယ်နှစ်ကျော်ကြာ တိုက်ပွဲဝင်ရင်း ကွန်မြူနစ်ပါတီကို ဦးဆောင်ခဲ့သူပါ။
အဲဒီအချိန်မှာ တော်ဝင်မိသားစုဝင်အများစုက ပြည်ပမှာ နေထိုင်ခဲ့ရပြီး ပြင်သစ်ဆီက လွတ်လပ်ရေးရဖို့ သက်ဦးဆံပိုင်ဘုရင်ဟောင်း သီဟာနုက ဦးဆောင်ခဲ့ပါတယ်။
သူဟာ နောက်ပိုင်းမှာ ပထမအကြိမ် နန်းစွန့်ပြီး နိုင်ငံရေးလောကထဲ ဝင်ရင်း ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
ရာနာရစ်ဒ်ကတော့ ပြင်သစ်မှာ ပျိုးထောင်ခံခဲ့ရပြီး ပြင်သစ် ဥပဒေကထိက ဖြစ်လာခခဲ့တာါ့။ အဲဒီနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အနေနဲ့ ကုလသမဂ္ဂက စီစဉ်တဲ့ ၁၉၉၃ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရေး ပါတီကို ဦးဆောင်ဖို့ ဖခင်ဘုရင် သီဟာနုက သူ့ကို ဆင့်ခေါ်ခဲ့ပါတယ်။
ရာနာရစ်ဒ်က ဟွန်ဆန်ရဲ့ ပါတီကို အနိုင်ရပေမယ့် ဟွန်ဆန်က စစ်ပြန်ဖြစ်မယ်လို့ ခြိမ်းခြောက်ရင်း ညွန့်ပေါင်းအဖြစ် နိုင်ငံရေး သဘောတူညီချက်ရခဲ့လို့ ရာနာရစ်ဒ်က ဝန်ကြီးချုပ်နဲ့ ဟွန်ဆန်က ဒုဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
လေးနှစ်ကြာပြီးတဲ့နောက် ဖနွမ်ပင်မြို့တော်မှာ သွေးစွန်းတဲ့ ပဋိပက္ခအတွင်း ရာနာရစ်ဒ်ရဲ့ တပ်တွေက ဟွန်ဆန်ရဲ့ တပ်တွေကို ရှုံးနိမ့်ခဲ့တာပါ။
အဲဒါကြောင့် ရာနာရစ်ဒ်ဟာ ၁၉၉၇ ခုနှစ်က စပြီး ပြင်သစ်မှာ ပြည်ပြေးအဖြစ် နေထိုင်ခဲ့ရပါတယ်။ ပြည်သူတွေကတော့ တော်ဝင်မင်းသား ဝန်ကြီးဟောင်းဟာ ဖနွမ်ပင်မှာ မသေဆုံးရဘဲ ပြင်သစ်မှာ သေဆုံးခဲ့ရလို့ ဝမ်းနည်းတယ်လို့ ပြောခဲ့ကြပါတယ်။