မင်းသားဟယ်ရီရဲ့ “Spare” စာအုပ် ထုတ်ဝေပြီး ရက်ပိုင်းအကြာ ဇန်နန်ဝါရီမှာ ဗြိတိန် တော်ဝင်မိသားစုက ဟယ်ရီနဲ့ မီဂန်တို့ကို Frogmore Cottage စံအိမ်ကနေ ထွက်ခွာဖို့ နှင်ထုတ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
ဝင်ဆာရဲတိုက်မှာရှိတဲ့ Frogmore Cottage စံအိမ်ဟာ ၂၀၁၈ ခုနှစ် နှောင်းပိုင်းမှာ ဘုရင်မ အဲလိဇဘက်က မင်းသား ဟယ်ရီနဲ့ ကြင်ယာတော် မီဂန်တို့အတွက် မင်္ဂလာလက်ဆောင်အဖြစ် ပေးအပ်ခဲ့တာဖြစ်ပြီး ပြန်လည်ပြုပြင်ဖို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
“ပြောင်းရွှေ့ဖို့ အရင်က ရက်သတ္တပတ် အချိန်ပေးခဲ့ပေမဲ့ အခုတော့ နန်းတက်ပွဲပြီးမယ့် မေလအထိ အချိန်ပေးထားတယ်။ ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲကိုလည်း ဖိတ်သံမကြားမိဘူး။ ဒါဟာ အဆုံးစွန်ခံစားရပြီး ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်ဒဏ်တခုပါပဲ။ တော်ဝင်မိသားစုက သူတို့ကို ရုပ်ပုံထဲက ဖြတ်ထုတ်ချင်နေသလိုပါပဲ” လို့ ပြောရေးဆိုခွင့်ရှိသူ စကိုဘီက ဆိုပါတယ်။
ချားလ်စ်ဘုရင်က သူ့ရဲ့မိခင် ဘုရင်မကြီး ကွယ်လွန်ချိန်ကစပြီး ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး မင်းသားဟယ်ရီနဲ့ ကြင်ယာတော် မီဂန်တို့က တော်ဝင်ဘဝကနေ နုတ်ထွက်ပြီးနောက် ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန် ကယ်လီဖိုးနီးယားကို ပြောင်းရွှေ့ခဲ့ပါတယ်။