close

တွင်းပြိုကျ

close

April 27, 2023

ပန်ဝါမြေရှားသတ္တုလုပ်ကွက် တွင်းပြိုကျပြီး ၁ ဦးသေဆုံး

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ကချင်အထူးဒေသ ၁ ပန်ဝါမြို့၊ ဇွတ်လန်ကျေးရွာမှာ ဧပြီ ၂၅ ရက်ညက  မြေရှားသတ္တုလုပ်ကွက်တစ်ခုရဲ့အပေါ်ကျင်းလုပ်ငန်းခွင်မှာ ကျင်းပြိုကျလို့   လူငယ်  ၂ ဦး ပါသွားကာ တဦး သေဆုံးပြီး တဦးကိုတော့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဘက်ဟိုး အသုံးပြုပြီး တစ်နေကုန် တစ်ညလုံး ရှာဖွေရာမှာ အသက် ၂၄ နှစ်အရွယ်  မောင်ကျန်းယိန်းရဲ့ အလောင်းကိုပဲ ပြန်ရှာတွေ့ပြီး နမ္မတီးလမ်းခွက မောင်လမာနော်ကိုတော့ ရှာမတွေ့သေးဘူးလို့ သတ္တုလုပ်ကွက်လုပ်ငန်းခွင်ကနေ သိရပါတယ်။

မြေရှားသတ္တုလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက  "ကျင်းပြိုတာက ဖြစ်နေကျပါ။ နှစ်တိုင်း သတ္တုတွင်းပြိုပြီး  လူအသေအပျောက်ရှိတယ်။ မိုးတွင်းဆို ပိုဆိုးတာပေါ့။ အပေါ် ဘေးအကုန်ဖောက်ထားပြီး ရေလောင်းထားတော့ အရမ်းသတိထားရတယ်။  ကျင်းထောင်းတဲ့လူက ပြီးရင်ပြန်သွားတော့ ကြီးကြပ်တဲ့သူနဲ့အစောင့်လောက်ပဲ ကျန်တာ။ ခုက ကျင်းခေါင်း " လို့ ပြောပါတယ်။

ဒီလို လူအသေအပျောက် ဖြစ်ခဲ့ရင်လည်း တရုတ်ငွေ ယွမ် သုံးလေးသောင်းကို ကုမ္ပဏီဘက်က ပေးလေ့ရှိပြီး အသုဘပြီးဆုံးတဲ့ထိ တရုတ်ငွေ ၁၀၀၀ ကျော်ပတ်ဝန်းကျင်  ကူညီတတ်ကြောင်း သေဆုံးသူ မိဘအသိုင်းအဝိုင်းကနေ သိရပါတယ်။

မြေရှားသတ္တုတွင်းလုပ်ငန်းမှာ အပေါ်ကျင်းထောင်းအဖွဲ့၊ ဘေးကျင်းတစ်ဖွဲ့၊ ပိုက်သယ်တစ်ဖွဲ့၊ ရေကန်ကြည့်တစ်ဖွဲ့၊ မီးဖုတ်တစ်ဖွဲ့ စသဖြင့်အဖွဲ့လေးတွေသီးသန့်ရှိပြီး တာဝန်ယူထားတဲ့အပိုင်းကို ပုတ်ပြတ် လုပ်ကြတာများတယ်လို့လည်း အပေါ်ကျင်းသမားတစ်ဦးကပြောပါတယ်။

အပေါ်ကျင်းက ပိုပင်ပန်းပြီး ဘေးကျင်းသမားတွေက စက်ကိုင်တတ်ဖို့လိုသလို တရုတ်စကားတတ်ဖို့လို့လည်း ပြောပါတယ်။

တရုတ်ပြည်က တင်သွင်းလာတဲ့ ဘေးကျင်းဖောက်စက်တွေက လုပ်ငန်းဆိုက်ပြီးရင် အသုံးမဝင်တော့ဘဲ ပစ်ထားခဲ့ရတာမို့ လုပ်ငန်းဆိုက်တွေပြီးရင် မီးစက် ရေပိုက် မိုးကာတွေကတော့ ပုံကျန်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအရပ်ရပ်က လူငယ်အများစုက တရုတ်ငွေ ၆၀၀၀ ပတ်ဝန်းကျင်လောက်ထိရတဲ့ မြေရှားသတ္တုတွင်းလုပ်ငန်းတွေရှိရာ ပန်ဝါဘက်ကို ပိုအာရုံစိုက်လာရောက် အလုပ်လုပ်ကိုင်နေကြတာပါ။

တရုတ်ယွမ်ငွေနဲ့ပဲ စျေးဖြတ်တဲ့ ပန်ဝါမြို့မှာ အဆင်ပြေသူရှိသလို စားရမဲ့ သောက်မဲ့အခြေအနေတွေမှာ တန်ကြေးထက် ထက်ဝက်တောင်မရှိတဲ့ လုပ်အားခတွေနဲ့ဖြစ်ဖြစ် အလုပ်အကိုင်ရဖို့ ဦးစားပေးလုပ်ကိုင်နေကြရတာလည်းရှိပါတယ်။

5 mins Ago

January 3, 2021

မိုးကုတ်တွင် ကျောက်မျက်လုပ်ကွက်ဟောင်းတစ်ခု တွင်းပြိုကျသဖြင့် ၁ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ရှိ ငါးရံ့အင်း ကျောက်မျက်လုပ်ကွက်ဟောင်း တစ်ခုမှာ ဇန်နဝါရီ ၃ ရက်က တွင်းပြိုကျပြီး တွင်းလုပ်နေသူတစ်ဦး ပိတ်မိ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးဖွဲ့ မိုးကုတ်မှ ကိုဟိန်းထက်မောင်က ပြောပါတယ်။  တွင်းအနက်ပေ ၁၅ ပေအနက်ရှိပြီး ပိတ်မိခဲ့သူ လူနှစ်ဦးအနက် တစ်ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ​သေဆုံးသူရဲ့ ရုပ်အလောင်းကို မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ တွင်းပြိုကျရာ နေရာကို မြို့နယ် သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့၊  ကြကက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း - ဟန်နာထက်အောင်၊ ဓာတ်ပုံ - Mogok Rescue
2 years Ago
Up