close

တွစ်တာကုမ္ပဏီ

close

September 15, 2022

တွစ်တာကုမ္ပဏီတွင် အနည်းဆုံး တရုတ်စပိုင် ၁ ဦး အလုပ်လုပ်နေဟု အမှုဆောင်ဟောင်းပြော

တွစ်တာကုမ္ပဏီမှာ အနည်းဆုံး တရုတ်အေးဂျင့် (စပိုင်) တယောက် အလုပ်လုပ်နေကြောင်း တွစ်တာအမှုဆောင်ဟောင်း ပီတာမတ်ဂီဇတ်ကိုက စက်တင်ဘာ ၁၃ ရက်က အမေရိကန် အထက်လွှတ်တော် ကြားနာပွဲမှာ ပြောကြားလိုက်ပါတယ်။

ပီတာမတ်ဂီဇတ်ကိုဟာ ဇန်နဝါရီလက အလုပ်ဖြုတ်ခံရချိန်အထိ တွစ်တာရဲ့ လုံခြုံရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နာမည်ကျော် ဟက်ကာတယောက် ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ တွစ်တာသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းနိုင်တော့မှာကို တချို့ တွစ်တာဝန်ထမ်းတွေက စိုးရိမ်မိကြောင်း သူက ကြားနာပွဲအတွင်း ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန် ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ တရုတ်ကြော်ငြာရှင်တွေဆီက ကြော်ငြာဝင်ငွေ အခွင့်အလမ်းကို မြှင့်တင်လိုတဲ့ တချို့အဖွဲ့တွေနဲ့ တရုတ်နိုင်ငံထဲမှာ စီးပွားရေးလုပ်ဖို့ စိတ်ပူနေသူတွေကြားက ကုမ္ပဏီအတွင်းပိုင်း တိုက်ပွဲတွေကို အသေးစိတ်ဖော်ပြထားတဲ့ ရိုက်တာသတင်းတပုဒ်ကို ကိုးကားပြီး သူက အင်္ဂါနေ့မှာ ပြောသွားတာပါ။

“လိုရင်းတိုရှင်းပြောရရင် ကိုယ်တွေအိပ်ပျော်နေတုန်း အဲဒီဝင်ငွေစီးကြောင်းကို ဆုံးရှုံးသွားရင် ပြဿနာရှိလိမ့်မယ်” လို့ ဇတ်ကိုက  ပြောကြားခဲ့ပါတယ်။

သုံးစွဲသူတွေရဲ့ ဒေတာတွေကို မလျော်ကန်စွာ ကိုင်တွယ်စီမံနေတယ်ဆိုတဲ့အပေါ် ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်နဲ့ ၂၀၁၁ ခုနှစ် သဘောတူညီချက်အရ တွစ်တာဟာ သူ့ရဲ့ လုပ်ငန်းစဉ် လိုက်နာမှုအပေါ် စည်းကမ်းထိန်းသိမ်းသူတွေကို လမ်းမှားပြနေတယ်ဆိုတဲ့ ဇတ်ကိုရဲ့ စွပ်စွဲပြောကြားချက်တွေကို အထက်လွှတ်တော် တရားစီရင်ရေး ကော်မတီက စစ်ဆေးမေးမြန်းနေပါတယ်။

တွစ်တာဟာ အခြေခံလုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ရေးကိုယ်တာစနစ်တွေအတွက် အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုအနည်းငယ်သာ ရှိခဲ့ကြောင်း ဇတ်ကိုက တိုင်ကြားထားတာ ဖြစ်ပါတယ်။

40 mins Ago

January 9, 2021

အမေရိကန်သမ္မတ ထရမ့်၏အကောင့်ကို တွစ်တာကုမ္ပဏီက အပြီးတိုင်ရပ်ဆိုင်း

နောက်ထပ် အကြမ်းဖက်လှုံ့ဆော်တဲ့ အန္တရာယ်ရှိနိုင်တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တွစ်တာအကောင့်ကို အပြီးတိုင် ရပ်ဆိုင်းလိုက်တယ်လို့ တွစ်တာကုမ္ပဏီက ဇန်နဝါရီလ ၈ ရက်မှာ ပြောဆိုပါတယ်။  the @realDonaldTrump အကောင့်ကနေ  မကြာသေးခင်ကတင်လိုက်တဲ့ ပို့စ်တွေကို အနီးကပ် သုံးသပ်ပြီးနောက်မှာ ဒီဆုံးဖြတ်ချက်ကို ချလိုက်တာလို့ တွစ်တာက ဆိုပါတယ်။  ထရမ့်ကို တွစ်တာကနေ ရပ်ဆိုင်းဖို့ ဥပဒေပြု အမတ်တချို့နဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ တောင်းဆိုလာတာ နှစ်နဲ့ချီနေပါပြီ။  သမ္မတ ကတော်ဟောင်း မီရှယ်အိုဘားမားကလည်း  လူမှုကွန်ယက် မီဒီယာကြီးတွေအနေနဲ့ ထရမ့်ရဲ့ စက်ဆုပ်ဖွယ် အပြုအမူကို တားမြစ်သင့်ပြီး ထရမ့်ကို အကောင့်ကနေ အပြီးတိုင် ရပ်ဆိုင်းသင့်တယ်လို့ ဇန်နဝါရီ ၇ ရက်မှာ တွစ်တာကနေ ရေးခဲ့ပါတယ်။  တွစ်တာအကောင့် ရပ်ဆိုင်းခံရပြီးနောက် ထရမ့်က သူ့ကိုယ်ပိုင်ပလက်ဖောင်းတစ်ခု ဖန်တီးဖို့ စဉ်းစားသွားမယ်လို့  တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 
2 years Ago
Up