close

တွန့်ယန်း စစ်ဘေးရှောင်စခန်း

close

December 26, 2022

ခရစ္စမတ်ဆုတောင်းပွဲကျင်းပချိန် ထိုင်း-မြန်မာနယ်စပ် တွန့်ယန်းစစ်ဘေးရှောင်စခန်းမီးလောင်

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ရှိ တွန့်ယန်းစစ်ဘေးရှောင် စခန်းမှာ ဒီဇင်ဘာ ၂၅ ရက် မနေ့မွန်းလွဲပိုင်းက မီးလောင်ပြီး  တဲအိမ် ၃၁ လုံး ပျက်စီးဆုံးရှုံးသွားတယ်လို့ Naewna ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မနေ့က ခရစ္စမတ်နေ့ဖြစ်တဲ့အတွက် စစ်ရှောင်စခန်းကလူတွေ အကုန်နီးပါး ဘုရားရှိခိုးကျောင်းမှာ သွားရောက် ဝတ်ပြုဆုတောင်းပွဲလုပ်နေတုန်း မီးလောင်ခဲ့တာ ဖြစ်ကြောင်း၊ မီးက ဘယ်ချိန်စလောင်မှန်း မသိပေမဲ့ မီးညွန့်မီးလျှံတွေကို နေ့လယ် ၁၂ နာရီခွဲလောက်မှာ စပြီးတွေ့ခဲ့တာလို့ ဆိုပါတယ်။

မီးလောင်သတင်းရရချင်း မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ ရပ်ကျေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး သွားရောက်ကူညီခဲ့တယ်လို့ ဆန်ခလပူရီမြို့နယ် အုပ်ချုပ်ရေးမှူး နိုင်းဆူထိဖွန်း ဆူဝစ်ဖိကွန်းက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီစခန်းက နေအိမ်တွေဟာ ဝါးတွေ၊ သက်ကယ်တွေနဲ့ ဆောက်လုပ်ထားတဲ့ တဲအိမ်တွေ ဖြစ်တာကြောင့် လောင်စာလိုဖြစ်ပြီး ကူးစက်မြန်ကြောင်း၊ စစ်ရှောင်ပြည်သူနဲ့ တာဝန်ရှိသူတွေ ဝိုင်းဝန်းငြှိမ်းသတ်ပေမဲ့ နေအိမ် ၂၁ လုံး လုံးဝ မီးလောင်ပြာကျပြီး ၁၀ လုံးကတော့ တပိုင်းတစ လောင်ကျွမ်းတယ်လို့ ဆိုပါတယ်။

နေ့ခင်းအချိန်မှာ မီးလောင်ကျွမ်းတာကြောင့် လူတွေ အချိန်မီရှောင်တိမ်းနိုင်လို့ သေဆုံးဒဏ်ရာရသူ မရှိကြောင်း၊ အိမ်ရာမဲ့ဖြစ်သွားတဲ့ မိသားစုတွေကိုတော့ မြို့နယ်ထဲက စာသင်ကျောင်းတွေမှာ နေရာချထားပေးပြီး အစားအသောက်နဲ့ စောင်တွေ ကနဦး သွားရောက်ကူညီထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းဟာ International Rescue Committee (IRC)  နဲ့ The Border Consortium -TBC အဖွဲ့အစည်းရဲ့ ကြည့်ရှုမှုအောက်မှာ ရှိတာကြောင့် မီးလောင်မှုနဲ့ ပတ်သက်လို့ အဆိုပါ နှစ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေကိုလည်း အကြောင်းကြားထားတယ်လို့ ဆန်ခလပူရီမြို့နယ်မှူးက ပြောသွားပါတယ်။

တွန့်ယန်းစစ်ဘေးရှောင်စခန်းမှာ မြန်မာပြည်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ၃,၄၀၀ ကျော် ခိုလှုံနေပါတယ်။

ကိုးကား- Naewna/TNA

13 mins Ago
Up