လိဒ်ယူနိုက်တက်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက မာစီယယ်၊ အန်တိုနီနဲ့ ကတ်စမီရိုတို့ လွဲချော်မယ်လို့သိရပါတယ်။
မန်ယူအသင်းမှာ ကွင်းလယ်လူ တွန်မီနေးနဲ့ အဲရစ်ဆင်နဲ့ ဗန်ဒီဘိခ်တို့ဟာလည်း ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။
အနီကတ်ပြစ်ဒဏ်ကြောင့် သုံးပွဲပယ်ခံရမယ့် ကတ်စမီရိုနဲ့ ပတ်သက်လို့ အယူခံမဝင်ဘူးလို့လည်း နည်းပြတန်ဟတ်ဂ်က အတည်ပြုသွားပါတယ်။
ဒဏ်ရာနဲ့ ပွဲပယ်ကစားသမားတွေရှိပေမယ့် ယူနိုက်တက်အသင်းလူစာရင်းမှာ အလွန်ကောင်းမွန်တဲ့ ကစားသမားတွေရှိပြီး ရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်မယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
လိဒ်ယူနိုက်တက်အသင်းဘက်မှာတော့ နည်းပြဂျက်စီမာ့ချ်ကို ရာထူးကနေ ထုတ်ပယ်ထားပြီး အဲဒီလိုထုတ်ပယ်တိုင်းရလဒ်ကောင်းမွန်တယ်ဆိုတာကို မယုံကြည်ကြောင်းနဲ့ နည်းပြ မာ့ချ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
ကွင်းလယ်ကစားသမား တွန်မီနေးကို နယူးကာဆယ်အသင်းက ခေါ်ယူဖို့ ဆွေးနွေးမှုတွေလုပ်ဆောင် လိုပေမယ့် မန်ယူအသင်းဘက်က ဆက်ထိန်းသွားဖို့ ဆန္ဒရှိနေပါတယ်။
စကော့တလန်လက်ရွေးစင် တွန်မီနေးရဲ့ ခြေစွမ်းကို နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ချီးကျူးခဲ့ဖူးပြီး အသင်းရဲ့အနာဂတ်အစီအစဉ်အတွက် ခေါ်ယူလိုတာလို့သိရပါတယ်။
ဒါပေမဲ့ မန်ယူအသင်းဘက်က အရန်သင့်အစားထိုးနိုင်မယ့် ကစားသမားသစ်မရှိသေးတာကြောင့် တွန်မီနေးကို ရာသီကုန်အထိ ဆက်ထိန်းသွားချင်ကြောင်း The Athletic သတင်းမှာဖော်ပြပါတယ်။
အသက် ၂၆ နှစ်ရှိ တွန်မီနေးဟာ ကတ်စမီရို၊ အဲရစ်ဆင်နဲ့ ဖရက်ဒ်တို့ရဲ့နောက် အရန်ကစားသမားအဖြစ်သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်ကတည်းက အသင်းကြီးမှာစတင်ပွဲထွက်ခွင့်ရခဲ့သူ တွန်မီနေးဟာ ယူနိုက်တက်အတွက် ၁၉၃ ပွဲ ကစားပေးခဲ့ပြီး ဖြစ်ပါတယ်။