မြန်မာစစ်တပ်က အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာဟာ ကမ္ဘာကြီးရဲ့ မျက်ကွယ်ပြုမှု ကြောင့်နဲ့ စစ်တပ်ကို လက်နက်ထောက့်ပံ့နေသူတွေကြောင့်ဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ကလေးတွေ ဘယ်လောက်များများ သေကျေမှ ဒီလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ရပ်တန့်ဖို့ လုပ်ဆောင်နိုင်မလဲလို့ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ဟာ မေးခွန်းထုတ်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာမှာ ဧပြီ ၁၁ ရက်မနက်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ရာချီ သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုစားလှယ်က သူ့ရဲ့ ထွစ်တာလူမှုကွန်ရက်မှာ ရေးသားထားတာဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ ဒီကနေ့ စစ်ကိုင်းကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် အပြစ်မဲ့ပြည်သူတွေကို မြန်မာစစ်တပ်က တိုက်ခိုက်တာတွေက ကမ္ဘာကြီးရဲ့မျက်ကွယ်ပြုမှုကြောင့်၊ စစ်တပ်ကို လက်နက်ထောက့်ပံ့နေသူတွေကြောင့် ဖြစ်တာပါ။ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ကလေးတွေ ဘယ်လောက်များများ သေကျေမှ ဒီလိုသတ်ဖြတ်မှုတွေ ရပ်တန့်ဖို့ ခိုင်မာအားကောင်းတဲ့ အရေးယူတုံ့ပြန်မှုတွေ ပူးပေါင်းလုပ်ဆောင်ကြတော့မှာလဲ”လို့ တွမ်အန်ဒရူးစ် ကပြောပါတယ်။
ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်ကလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပြီး ဒီလုပ်ရပ်ကို ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံဖို့နဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုထားပါတယ်။
ပဇီကြီးကျေးရွာမှာ ဧပြီလ ၁၁ ရက်မနက်က ရွာသူရွာသားတွေ စုရုံးနေတဲ့အချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ရော စစ်ရဟတ်ယာဉ်တွေပါ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့လို့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူ ၁၀၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
မနေ့ညနေပိုင်းမှာလည်း ပဇီကြီးကျေးရွာမှာ ကယ်ဆယ်ရေးအဖွဲ့တွေက သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လိုက်လံကောက်ယူ မီးသင်္ဂြိုဟ်ဖို့ ပြင်ဆင်နေချိန် စစ်ကောင်စီလေတပ်က နောက်တကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်းမှာ အသုံးပြုနေတဲ့ ရုရှားလက်နက်တွေဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေကို စစ်တပ်က သတ်ဖြတ်ရာမှာ အသုံးပြုနေတဲ့ လက်နက်တချို့နဲ့ အမျိုးအစား အတူတူပဲဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂၆ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ၊ လူ့အခွင့်အရေးကော်မတီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ရှင်းလင်းတင်ပြရာမှာ ကုလသမဂ္ဂ ကျွမ်းကျင်သူ တွမ်အင်ဒရူးစ်က ပြောကြားသွားတာပါ ။
“ယူကရိန်းက လူတွေကို သတ်ဖို့သုံးတဲ့ လက်နက်အမျိုးအစားတချို့ဟာ မြန်မာလူမျိုးတွေကို သတ်ဖြတ်တဲ့နေရာမှာလည်း သုံးနေတာဖြစ်ပြီးတော့ သူတို့ဟာ တူညီတဲ့ အရင်းအမြစ်ဖြစ်တဲ့ ရုရှားက လာတာ”လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် က ပြောပါတယ်။
ရုရှားရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယသံအမတ်ကြီး ဂျန်နဒီကူဇမင်ကတော့ တွမ်အင်ဒရူးစ်ရဲ့ အစီရင်ခံစာကို မေးခွန်းထုတ်ခဲ့ပြီး အချက်အလက် မခိုင်လုံကြောင်း တုံ့ပြန် ပြောပါတယ်။
တကမ္ဘာလုံးက အရပ်သားတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဘယ်သူ့ လက်နက်တွေနဲ့ သတ်နေတယ်ဆိုတာပြောဖို့ မသက်ဆိုင်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားလို့ ယူကရိန်းကိစ္စအစား မြန်မာကိစ္စပဲ လုပ်ဖို့ဆိုပြီး ရုရှားသံမတ်က ပြောပါတယ်။
ယူကရိန်းနိုင်ငံအရေးမှာ ရုရှားအစိုးရအပေါ် အရေးယူမှုတွေ ဆောင်ရွက်ပေးသလိုမျိုး မြန်မာစစ်အုပ်စုကို ပစ်မှတ်ထားဖိအားပေးဖို့အတွက်ညွန့်ပေါင်းဖွဲ့ဖို့လည်း တွမ်အင်ဒရူးစ်က နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
ညွန့်ပေါင်းအဖွဲ့တွေဟာ စစ်အစိုးရကို ပိတ်ဆို့အရေးယူမှုတွေ၊ လက်နက်ရောင်းချမှုတွေနဲ့ ပစ်မှတ်ထားပြီး အတူတကွ လုပ်ဆောင်သင့်တယ်လို့လည်း အန်ဒရူးစ်က နယူးယောက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
“အခု လုပ်လို့မပြီးသေးဘူး။ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိလို့မဟုတ်ဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်။ လမ်းညွှန်စာအုပ် လိုချင်ရင် ယူကရိန်းကိုကြည့်။”
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နှစ်ခြမ်းကွဲနေတာ ကြာနေပြီဖြစ်ပြီး တရုတ်နဲ့ ရုရှားတို့က စစ်အုပ်စုကို ပြင်းထန်တဲ့ အရေးယူမှုကနေ ကာကွယ်နိုင်ဖွယ်ရှိကြောင်း သံတမန်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ရေး တောင်းဆိုတဲ့ အဖွဲ့ဝင် ၁၅ ဖွဲ့ပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိန်က ပြီးခဲ့တဲ့လမှာ အဆိုပြုခဲ့ပြီး ပြင်ဆင်တဲ့မူကြမ်းကို အခုသီတင်းပတ်မှာ ဖြန့်ဝေခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ဖို့ ဘယ်အချိန်မှာ မဲပေးနိုင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အတည်ပြုဖို့အတွက် ဒီဆုံးဖြတ်ချက်မှာ ထောက်ခံမဲ ကိုးမဲ လိုအပ်ပြီး တရုတ်၊ ရုရှား၊ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ဆီက ဗီတိုအာဏာ တခုမှ မသုံးဖို့လည်း လိုအပ်ပါတယ်။
ခိုလှုံခွင့်တောင်းခံတဲ့ မြန်မာနိုင်ငံသား ဒါဇင်ပေါင်းများစွာကို ပြည်နှင်ဒဏ်ပေးခဲ့တဲ့အတွက် မလေးရှားနိုင်ငံကို အန်ဒရူးစ်က ပြစ်တင်ရှုတ်ချခဲ့ပြီး “ညှဉ်းပန်းနှိပ်စက်မှုနဲ့ သေဒဏ်ပေးခံရမှုတွေ အများဆုံး ကြုံတွေ့ရလိမ့်မယ်” လို့ ပြောပါတယ်။
ဒါဟာ လက်မခံနိုင်စရာ နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုပါပဲ လို့လည်း ပြောဆိုပါတယ်။ မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို မလေးရှားအာဏာပိုင်တွေက တုံ့ပြန်ခြင်းမရှိပါဘူး။