မြန်မာစစ်အာဏာရှင်တွေဟာ ဒီမိုကရက်တစ်အတိုက်အခံတွေကို ဖိနှိပ်ဖို့အတွက် ဆိုရှယ်မီဒီယာတွေကို လက်နက်လိုအသုံးချနေပြီး အွန်လိုင်းအကြမ်းဖက်မှုတွေ ဆောင်ရွက်နေတယ်လို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ် အပါအဝင် ကုလသမဂ္ဂကျွမ်းကျင်သူတွေက မတ်လ ၁၃ ရက်မှာ ကြေညာချက် ထုတ်ပြန် ပြောလိုက်ပါတယ်။
မြန်မာစစ်အာဏာရှင်လက်အောက်ခံ အမျိုးသမီးမုန်းတီးရေးသမားတွေ၊ မဘသတွေရဲ့ အွန်လိုင်းအကြမ်းဖက်မှုတွေကို တားဆီးဖို့လည်း တယ်လီဂရမ်ကို ကုလသမဂ္ဂ ကျွမ်းကျင်သူ ပညာရှင်တွေက တိုက်တွန်း တိုက်ပါတယ်။
စစ်တပ်ထောက်ခံသူတွေက ဆိုရှယ်မီဒီယာတွေသုံးပြီးတော့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေကို အကြမ်းဖက်နှိပ်ကွပ်ဖို့ အွန်လိုင်းပေါ်မှာ ရေးသားတိုက်ခိုက် မှုတွေကနေ အပြင်လောကမှာပါ တကယ်အကြမ်းဖက်မှုတွေ ဖြစ်လာနေတယ်၊ အမျိုးသမီးတွေကို အသရေဖျက်ဂုဏ်သိက္ခာချဖို့အတွက် အမုန်းစကားတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကား ရေးသားမှုတွေ၊ ခွဲခြားနှိမ့်ချသတင်းဖြန့်မှုတွေကို ဆိုရှယ်မီဒီယာတွေမှာ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားရေးသားမှုတွေကြောင့် အမျိုးသမီးအမြောက်အမြားဟာ သူတို့ရဲ့ အွန်လိုင်းကလှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ရရုံသာမက လက်တွေ့ဘဝမှာပါ လူထုနဲ့ဝေးရာကို ရှောင်တိမ်းနေရတာတွေရှိခဲ့တယ်လို့ ပြောပါတယ်။
ဆိုရှယ်မီဒီယာတွေ၊ အထူးသဖြင့် တယ်လီဂရမ်ဟာ စစ်တပ်ထောက်ခံသူတွေရဲ့ အဓိက ဝါဒဖြန့်၊ အမုန်းတရားဖြန့်ဝေရာ နေရာဖြစ်လာကြောင်း ကုလပညာရှင်တွေက သတိပေးလိုက်ပါတယ်။
“အာဏာသိမ်းပြီးချိန်တည်းကနေစပြီး စစ်တပ်ထောက်ခံသူတွေဟာ တယ်လီဂရမ်ရဲ့ တင်းကျပ်မှုမရှိတဲ့ လျော့ရဲရဲ စည်းကမ်းသတ်မှတ်ချက်နဲ့ အချက်အလက်စိစစ်မှု အားနည်းတာအပေါ် အခွင့်ကောင်းယူခဲ့ကြတယ်။ သူတို့ဟာ အကြမ်းဖက်မှုကိုလှုံ့ဆော်တဲ့ အချက်အလက်အ ရေးအသားတွေနဲ့ အမျိုးသမီးမုန်းတီးရေးတွေကို ရေးသားပြီး ထောင်နဲ့ သောင်းနဲ့ချီတဲ့ စောင့်ကြည့်ဖတ်ရှုသူတွေဆီကို အမုန်းတရားတွေဖြန့်ဝေနေကြတယ်” လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူက ပြောပါတယ်။
ကာယကံရှင်က သိရှိလက်ခံခြင်းမရှိဘဲ နာမည်နဲ့ လိပ်စာအပါအဝင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အွန်လိုင်းမှာမျှဝေပြီး အကြမ်းဖက်ဖို့ လှုံဆော်တာတွေကို အမျိုးသမီးတွေကို မကြာခဏပစ်မှတ်ထားပြီး ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီလို အချက်အလက်တင်ပြီး တိုက်ခိုက်မှုတွေမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ တိုက်တွန်းတာတွေ ပါဝင်လေ့ရှိသလို နာမည်တပ်စွပ်စွဲခံရသူတွေဟာလည်း စစ်တပ်ရဲ့ ဖမ်းဆီးခြင်းတွေခံရပါတယ်။
မြန်မာနိုင်ငံ တဝန်းမှာ အမျိုးသမီးတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ စစ်အာဏာရှင်ဆန့်ကျင်သူတွေနဲ့ ဒီမိုကရေစီရေးထောက်ခံသူတွေ၊ NUG၊ CRPH၊ PDF ထောက်ခံအားပေးသူတွေ၊ NLD ပါတီဝင်တွေနဲ့ ဝန်းရံသူတွေ၊ လူမှုကွန်ရက်မှာတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတင်သူ၊ Comment မှတ်ချက်ရေးသူ like နဲ့ Share လုပ်သူပါမကျန် စစ်တပ်လော်ဘီ တယ်လီဂရမ်မှာ တင်လိုက်တာနဲ့ စစ်တပ်က ချက်ချင်းသွားရောက်ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်၊ ထောင်ချတာတွေ ရှိနေတာဖြစ်ပါတယ်။
အဲဒါအပြင် မြန်မာအမျိုးသားရေးဝါဒီမဘသတွေနဲ့ တပ်ထောက်ခံသူတွေဟာ ဘာသာရေးခွဲခြားမှုနဲ့ မွတ်စလင်မုန်းတီးရေးဝါဒဖြန်ဖို့ တက်ကြွလှုပ်ရှားသူအမျိုးသမီးတွေဟာ မွတ်စလင်အမျိုးသားတွေနဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုတွေရှိတယ်လို့ စွပ်စွဲကြတာတွေလည်းရှိနေပါတယ်။
“နိုင်ငံရေးသမားတွေကို ဖမ်းဆီးတာတွေ၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်သတ်တာတွေ ကျူးလွန်နေတာတောင်မှာ အာဏာကိုအပြည့်အဝဆုပ်ကိုင်နိုင်ခြင်းမရှိတဲ့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေကို ပုံရိပ်ယောင်ကမ္ဘာအထိပါ ထပ်ပြီး ခြေဆန့်ကြတော့တာပဲ” လို့ ကုလကျွမ်းကျင်သူက ဆိုပါတယ်။
စစ်အုပ်ချုပ်ရေးဆန့်ကျင် တွန်းလှန်ရာမှာ အမျိုးသမီးတွေရဲ့ စုစည်းနိုင်စွမ်းအားကို စစ်အာဏာရှင်တွေက တုန်လှုပ်ကြောက်လန့်နေကြတယ်လို့လည်း ပြောပါတယ်။
“သူတို့ရဲ့ လူ့အခွင့်အရေးအတွက် ရပ်တည်ချက်တွေ၊ စစ်တပ်ရဲ့ အာဏာထိန်းချုပ်ဖို့ကြိုးပမ်းမှုကို ဆန့်ကျင်တာတွေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးအတွက် ကြိုးပမ်းချက်တွေကြောင့် အမျိုးသမီးတွေဟာ နေ့စဉ်နဲ့အမျှ အွန်လိုင်းမှာ သိက္ခာချစော်ကားခံရပြီး အကြမ်းဖက်ခံရဖို့ ခြိမ်းခြောက်ခံရတာတွေရှိနေပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးကာကွယ်သူ အမျိုးသမီးတွေနဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေက အမျိုးသမီးတွေဟာ ကိုယ်ရေး အချက်အလက်တွေ အွန်လိုင်းမှာဖော်ပြခံရပြီး သူတို့ကိုအကြမ်းဖက်တိုက်ခိုက်ဖို့ လှုံဆော်တာတွေ အပြင် တခြားပုံစံအမျိုးမျိုးနဲ့ ခြိမ်းခြောက်မှုတွေကို ခံစားနေကြရပါတယ်” လို့ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်တွေဖြစ်ပွားနေကြောင်း သိရှိရပြီးတဲ့နောက် တယ်လီဂရမ်ပေါ်က ခြိမ်းခြောက်မှုတွေ အကြောင်း အသေးစိတ်ဖော်ပြထားတဲ့ အစီရင်ခံစာမထုတ်ပြန်မီအချိန်အနည်းငယ်အတွင်းမှာတင် တယ်လီဂရမ်ဟာ စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့် ၁၃ ခုကို ပိတ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့အကြမ်းဖက်မှုတွေကို အများဆုံးလှုံ့ဆော်နေတဲ့ ချန်နယ်တစ်ခုကတော့ မကြာခင်ကပဲ တယ်လီဂရမ်မှာ ပြန်လည်အသက်ဝင်ဝါဒဖြန့်နေပြီဖြစ်ပါတယ်။
တယ်လီဂရမ်ရဲ့ အရေးယူတုံ့ပြန်မှုကို ကြိုဆိုထောက်ခံသလို နောက်ထပ်လည်း အခုထက်ပိုပြီးလုပ်ဆောင်ရမှာတွေရှိတယ်လို့ ကုလသမဂ္ဂ ပညာရှင်တွေက ပြောပါတယ်။
“မြန်မာနိုင်ငံက အကောင့်တွေနဲ့ ချန်နယ်တွေမှာတင်တဲ့စာတွေ၊ အချက်အလက်တွေကို တယ်လီဂရမ်က အလေးအနက်ထားပြီး စိစစ်အရေးယူမှုတွေမလုပ်သရွေ့တော့ စစ်တပ်ထောက် ခံသူတွေက အကောင့်ပိတ်ခံရရင်လည်း နောက်ထပ်အကောင့်သစ်တစ်ခုဖွင့်ပြီး အကြမ်းဖက်မှုလှုံ့ ဆော်တာတွေ၊ လူမှုရေးတိုက်ခိုက်မှုတွေ ဆက်လက်ဆောင်ရွက်နေဦးမှာပဲဖြစ်တယ်”လို့ ပြောပါတယ်။
ပညာရှင်တွေက တယ်လီဂရမ်နဲ့အတူ တခြားဆိုရှယ်မီဒီယာတွေကို သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ မျှဝေရေးသားနေတဲ့ လုပ်ကြံတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုလှုံ့ဆော်နေတဲ့ အကောင့်တွေကို ဖော်ထုတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်တားဆီးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
“လိင်အခြေပြုအကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ ဥပဒေမဲ့ မတရားဖမ်းဆီးမှုတွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက် ဖော်ထုတ်ဖြန့်ဝေတာတွေ၊ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်နဲ့ အွန်လိုင်းမှာရော အပြင်လောကမှာပါ ငြိမ်းချမ်းစွာ စုဝေးမှုတွေအပေါ် ဖိနှ်ပ်ချုပ်ခြယ်တာတွေကို သူတို့ရဲ့ ဝန်ဆောင်မှုကို အသုံးချပြီး ကျူးလွန်ဆောင်ရွက်နိုင်ခြင်းမရှိအောင် နည်းပညာ ကုမ္ပဏီတွေက တားဆီးနိုင်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာ၊ မြန်မာဘာသာအပြင် တိုင်းရင်းသား ဘာသာစကားတွေနဲ့ဖြန့်ဝေနေတဲ့ အချက်အလက်တွေကို ဒေသခံအဖွဲ့အစည်းတွေနဲ့ အနီးကပ်ပူးပေါင်း စိစစ်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူက ဆိုပါတယ်။
တယ်လီဂရမ်နဲ့ တခြားဆိုရှယ်မီဒီယာ ကုမ္ပဏီတွေဟာ သူတို့ရဲ့ဝန်ဆောင်မှုကို အသုံးပြုသူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်နိုင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်လုပ်ဆောင်ကြဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်ရေးကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။
ဒီထုတ်ပြန်ချက်မှာ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်၊ ကိုယ်ရေးကိုယ်တာအခွင့်အရေးဆိုင်ရာကုလအထူးကိုယ်စားလှယ် ဒေါက်တာ အန်နာဘရိုင်ရန်နိုယူဂရီရက်စ်၊ အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအပေါ်အကြမ်းဖက်မှုဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ရမ်အယ်ဆာလမ်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် အီရီနီခန်းစတဲ့ ကျွမ်းကျင်သူ ၁၆ ဦးပူးပေါင်းပါဝင် တောင်းဆိုထားတာ ဖြစ်ပါတယ်။
PHOTO-UN
မြန်မာစစ်တပ်ဟာ တရားဝင်မှုအလျဉ်းမရှိတဲ့ ရာဇဝတ်စစ်တပ်မျှသာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ တရားမဝင် စစ်အာဏာသိမ်းမှုလုပ်ရပ်ဟာ နိုင်ငံတော်အစိုးရနဲ့ တိုင်းပြည်အပေါ် သစ္စာဖောက်ခြင်းသာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးက မြန်မာစစ်တပ်ရဲ့ တရားမဝင်မှုနဲ့ ပတ်သက်တဲ့ စာတမ်းမိတ်ဆက်တဲ့ အစီအစဉ်ကို နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ဇန်နဝါရီလ ၃၁ ရက်က ကျင်းပစဉ် မြန်မာသံအမတ်ကြီးက ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ဟာ “တရားမဝင် ဥပဒေမဲ့သော - မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် စစ်တပ်ရဲ့ အဆိုပြုချက်နဲ့ နိုင်ငံတကာတုံ့ ပြန်မှုတွေအပေါ် လေ့လာဆန်းစစ်ခြင်း”ဆိုတဲ့ အမည်နဲ့ အစီရင်ခံစာတစ်စောင်ကို မကြာခင်ကမှ တင်သွင်းခဲ့ပါတယ်။
တရားဝင် ရွေးကောက်တင်မြှောက်ခြင်း မခံရတဲ့ မြန်မာစစ်တပ်အနေနဲ့ ဒီမိုကရေစီ နည်းကျ တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတကို အင်အားသုံးဖမ်းဆီးထိန်းချုပ် ထားဖို့ ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်း ဒါမှမဟုတ် ပြဋ္ဌာန်းဥပဒေတို့ကမှ ခွင့်ပြုထားခြင်း မရှိကြောင်း၊ မြန်မာစစ်တပ်ရဲ့ တရားမဝင် စစ်အာဏာသိမ်းမှုလုပ်ရပ်ကို နိုင်ငံတော်အစိုးရနဲ့ တိုင်းပြည်အပေါ် သစ္စာဖောက်ခြင်းလို့စာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
မတရားအာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ဒီမိုကရေစီနည်းလမ်းကျ သော်လည်းကောင်း တရားဝင်မှု မရှိတဲ့အပြင် မြန်မာပြည်သူကိုလည်း ကိုယ်စားမပြုဘူးလို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး နိုင်ငံ့အာဏာကို တရားမဝင်လုယူထားတဲ့ စစ်ကောင်စီဟာ သက်တမ်း ၂ နှစ်ပြည့်သွားပြီဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးအာဏာကို ကာလုံအဖွဲ့အစည်းထံ ပြန်လည်အပ်နှံရမှာ ဖြစ်ပေမဲ့ တိုင်းပြည်ဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာရှိနေဆဲဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေချိုးဖောက်ပြီး နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပါတယ်။
အာဏာသိမ်း ၂ နှစ်တာအတွင်း စစ်တပ်ဟာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်၊ မတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက် ဥပဒေမဲ့ကွပ်မျက်တာတွေ ပြုလုပ်ခဲ့သလို အရပ်သားတွေကို လူအစုလိုက် အပြုံလိုက် သတ်ဖြတ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။
စစ်တပ်ကျူးလွန်လျက်နေတဲ့ ပြစ်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်ကြောင်းနဲ့ မြန်မာနိုင်ငံကို စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်အောင် ရုန်းထွက်စေနိုင်ဖို့နဲ့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်တပ်ကို အပြစ်ပေးအရေးယူကာ တာဝန်ခံမှု ရှိစေနိုင်ရေးဆောင်ရွက်ဖို့ နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီးက တိုက်တွန်းပါတယ်။
အလားတူ အထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးစ်ကလည်း အာဏာသိမ်းစစ်တပ်ဟာ တရားဝင်မှုအလျဉ်းမရှိကြောင်း၊ စစ်တပ်က အတုအယောင် ရွေးကောက်ပွဲ ကျင်းပကာ တရားဝင်မှုရရှိနိုင်ရေး ကြိုးပမ်းနေတဲ့အပေါ် နိုင်ငံတကာအနေနဲ့ ငြင်းဆန်ကန့်ကွက်ဖို့နဲ့ စုပေါင်းအင်အားဖွဲ့ပြီး အာဏာသိမ်းစစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ တိုက်တွန်းပြောသွားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်နဲ့ ဆက်နွှယ်တဲ့ နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ ရပ်တည်ချက်အပေါ် ပြန်လည်ချင့်ချိန်စဉ်းစားကာ စစ်တပ်နဲ့ ကင်းကွာအောင် နေသင့်ကြောင်းနဲ့ တရားဝင်မှု ခိုင်မာအားကောင်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံအားပေးသင့်ကြောင်းလည်း တွမ်အန်ဒရူးစ်က ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဘာဘရာဝုဒ်ဝပ်ဒ်ကလည်း မြန်မာပြည်စစ်အာဏာသိမ်း ၂ နှစ်ပြည့်တာနဲ့ ပတ်သက်ပြီး သီးသန့်ရုပ်သံကနေ သတင်းစကားပါးရာမှာ မြန်မာနိုင်ငံမှာ ပြည်သူပေါင်း ၁၇ သန်း လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပေမယ့် လိုအပ်တဲ့ သူတွေဆီ အကူအညီအထောက်အပံ့တွေ အရောက်ပို့ဆောင်ရေးကို စစ်တပ်က တားဆီးပိတ်ပင်နေတယ်လို့ပြောပါတယ်။
မြန်မာစစ်တပ်က မြေပြင်မှာ ကျောင်းတွေကို ဗုံးကြဲ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး ၂၀၂၂ ခုနှစ်အတွင်းမှာဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယမြောက် အများဆုံးနိုင်ငံဖြစ်ခဲ့တယ်လို့ ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆင်းရဲနွမ်းပါးမှုလျော့နည်းလာတဲ့ အခြေအနေကို စစ်တပ်က ပြောင်းပြန်ဖြစ်အောင်လုပ်ခဲ့သလို တကမ္ဘာလုံးအတိုင်းအတာနဲ့ မတည်ငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေပြီး လူကုန်ကူးမှု ရှင်သန်လာအောင် ခွင့်ပြုပေးကာ၊ အခုဆိုလျှင် ကမ္ဘာ့မှာ မက်သာအဖက်တမင်း စိတ်ကြွမူးယစ်ဆေး အများဆုံး ထုတ်လုပ်သူ ဖြစ်လို့နေပြီဖြစ်ကြောင်းပြောပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲနေတဲ့မြန်မာစစ်တပ်ကို လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေ အပါအဝင် တာဝန်ရှိသူတွေကို ယူကေနဲ့ မဟာမိတ်တွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ လုပ်ခဲ့ကြောင်း၊ စစ်အုပ်စုကိုအထီးကျဖြစ်စေဖို့ ကုလသမဂ္ဂနဲ့အတူ အလုပ်လုပ်နေကြောင်း၊ မိမိတို့အနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်နေကြောင်း၊ စစ်တပ်အနေနဲ့ တိုင်းပြည်အာဏာကို ပြည်သူတွေ လက်ထဲ ပြန်လည်လွှဲပြောင်းအပ်နှံရမယ့် အချိန်တန်ပါပြီလို့ ဗြိတိန်နိုင်ငံ သံအမတ်ကြီးကပြောပါတယ်။
စစ်အာဏာသိမ်း ၂ နှစ်ပြည့်အထိမ်းအမှတ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗြိတိန်သံအမတ်ကြီးနဲ့အတူ ရုပ်သံကနေ သတင်းစကားပါးရာမှာတော့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းအသင်းတွေ ထိခိုက်ပျက်စီးသွားမှုတို့ရဲ့ အကျိုးဆက်ဟာ မြန်မာတနိုင်ငံတည်းအတွက်တင် ကြီးမားတာမဟုတ်ဘဲ ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေဆီကိုပါ ရိုက်ခတ်မှုရှိနေပါပြီ။
မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို အပြီးတိုင်ချုပ်ငြိမ်းဖို့နဲ့ နောင် အနာဂတ်မှာ အလားတူဖြစ်စဉ်မျိုး နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ရှောင်လွဲနိုင်ဖို့ ခိုင်မာတဲ့ သံန္နိဋ္ဌာန်တွေ ချမှတ်ထား ပြီးဖြစ်တယ်၊ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲတွေဟာ ဘယ်တော့မှ ပြဿနာ ဖြေရှင်းနိုင်မယ့်နည်းလမ်း မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို ကျေးဇူးတင်ပါတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။
မြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ဖို့၊ ရာဇဝတ်မှု ကျူးလွန်သူတွေတာဝန်ခံမှုရှိစေဖို့နဲ့ ထိရောက်မှုရှိတဲ့၊ အားလုံးပါဝင်ပြီး တာဝန်ခံမှုရှိတဲ့ အဖွဲ့အစည်းအသင်းအပင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာရေးအတွက် စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးစတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းဆီက ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ လိုအပ်တယ်လို့ မြန်မာသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
Photo- Myanmar Mission