စစ်ကောင်စီတပ်တွေက အကြမ်းဖက် မီးရှို့ဖျက်ဆီးသွားတဲ့ မုံရွာမြို့နယ်၊ မုံရွာ-အမြင့် လမ်းဘေးက ထနောင်းတောရွာ ပြန်လည်ထူထောင်ရေးအတွက် အညာဒေသအတွက် နှမ်းတစေ့ကမ်ပိန်း ဆိုတဲ့ လှုပ်ရှားမှုကို စတင်နေပြီလို့ ပါဝင်လုပ်ကိုင်နေသူတွေက ပြောပါတယ်။
ထနောင်းတော(တောင်) ရွာကို အခု မတ် ၁၅ ရက် မနက်အစောပိုင်းမှာ မုံရွာ-မန္တလေး အမြန်လမ်းမကြီးဘေး မြေနဲကျေးရွာ စွမ်းရည်ထက်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက သေနတ်တွေပစ်ဖောက် ဝင်ရောက်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
ဒါကြောင့် နေအိမ် ၆၄ လုံး၊ ဆိုင်ကယ်အစီး ၃၀၊ ဆိုက်တွဲ ၁ စီး၊ ထွန်စက် ၁ စီး၊ ကား ၂ စီး မီးလောင်ဆုံးရှုံးခဲ့ရပြီး သက်ကြီးရွယ်အို ၃ ယောက်လည်း သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းကလည်း ထနောင်းတောမြောက်ရွာက အိမ် ၄ လုံးနဲ့ ထနောင်းတောတောင်ရွာက အိမ် ၃ လုံး မီးရှို့ခံခဲ့ရပါသေးတယ်။
ဒီအိမ်တွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် We Are People အဖွဲ့နဲ့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့တို့ ပူးပေါင်းပြီး အညာဒေသအတွက် နှမ်းတစေ့ကမ်ပိန်းကို ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။
မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တယောက်က “အဓိက လိုအပ်တာကတော့ နေထိုင်စရာ တဲပါ။ ကျနော်တို့အဖွဲ့အနေနဲ့ ကမ်ပိန်းအမြန်ပြည့်ရင်တော့ ယာယီတဲ ဆောက်ပေးဖို့ပါ။ တဲဆောက်တာ မမီတော့ရင်လည်း လိုရာသုံးဖို့ ငွေသားချည်း ပြန်လည်လှူဒါန်းသွားမှာပါဗျ။ ဆန်၊ ဆီတွေလည်း လှူဒါန်းဖို့လျာထားပါတယ်။ တဲတလုံးအတွက်ကတော့ ခန့်မှန်း ၃ သိန်းလောက် ကျပါတယ်။ ဒါတောင် ယာယီတဲပါ။ သေသေချာချာလုပ်ရင်တော့ ၅ သိန်းနဲ့ အထက်မှာပဲ” လို့ ပြောပါတယ်။
ဒီလှုပ်ရှားမှုကနေ ကျပ်သိန်း ၁၀၀ ရဖို့ သူတို့က မျှော်မှန်းထားပြီး ၃ လ ပြုလုပ်မယ်လို့လည်း သိရပါတယ်။
ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ We Are People ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/profile.php?id=100089985672640 နဲ့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး https://www.facebook.com/MonywaAmyintRoadInformation တို့ကို ဆက်သွယ်နိုင်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က၊ ထန်းနောင်းတောကျေးရွာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး အရပ်သားပြည်သူ တယောက်နဲ့ PDF တပ်ဖွဲ့ဝင် တယောက်ကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ အင်အား ၇၀ လောက်ဟာ စက်တင်ဘာ ၂၇ ရက် မနက် ၅ နာရီကစတင်ကာ ကြာပိုင်ကျေးရွာမှတဆင့် မုံရွာ- အမြင့်လမ်းက ထန်းနောင်းတောမြောက်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နေအိမ် ၄ လုံးကို မီးရှို့ခဲ့သလို အလုပ်ကပြန်လာတဲ့ ဘုဘကျေးရွာနေထိုင်သူ ရွာသား တယောက်ကိုလည်း လမ်းမပေါ်မှာ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရပါတယ်။
"စကစတပ်က တောပုဘက်မှာရှိတဲ့ ပျူအဖွဲ့နဲ့ ပေါင်းဝင်လာတာ။ ရွာကို တော်တော်သောင်းကျန်းသွားတယ်။ အိမ်ပစ္စည်းတွေဘာတွေဆို အကုန်မွှေနှောက်ပြီး လိုချင်တာ အကုန်ယူသွားတယ်။ ရွာက နေအိမ် လေးလုံးကိုလည်း မီးရှို့တယ်။ အဲ့ဒီညနေမှာ မုံရွာဘက်ကနေ အလုပ်ပြန်လာတဲ့ ဘုဘရွာသား ကိုအောင်ကျော်မင်းကိုလည်း လမ်းမကြီးမှာ ပစ်သတ်သွားကြတယ် " လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီနောက် ကျေးရွာအနီးမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF - ဆားလင်းကြီးတပ်ခွဲမှ ရဲဘော် တယောက်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်သွားကြတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၈ ရက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းခွဲကာ ထနောင်းတောတောင်ရွာဘက်ကို လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ် သုံးလုံးကို မီးရှို့ခဲ့တဲ့အပြင် ကျေးရွာအတွင်းက နေအိမ်အများပြားကိုလည်း မွှေနှောက်ရှာဖွေသွားပါတယ်။
ဒေသခံရွာသားတယောက်က" အဲ့ဒီ ၂၈ ရက်နေ့က ထနောင်းတော တောင်ရွာကို စက်သေနတ်တွေနဲ့ရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ပြီး ဝင်လာတာ။ နေအိမ်မီးရှို့ပြီး ရွာလုံးကျွတ်ပတ်မွှေသွားတယ်။ နောက်ပြီး ရွာထဲက အိမ်တွေကိုလည်း စာရေးသွားကြသေးတာ။ သူတို့ စဝင်ကတည်းက နှစ်ညလုံး ထနောင်းတော တောင်ရွာနဲ့ မြောက်ရွာမှာ ညအိပ်တပ်စွဲထားတာ ။ ၂၉ ရက်နေ့ မနက်ကျမှပဲ သူတို့လက်ပါးစေ ပျူတွေရှိတဲ့ တောပုရွာကနေ နမခကို ပြန်သွားကြတယ်။ ကျမတို့ဆို အခုချိန်ထိ ဈေးမထွက်ရဲသေးဘူး ။ ထပ်ပြီးပြန်လာမှာ စိုးရိမ်ရတယ်။ လက်ရှိမှာလဲ အခြေနေရှုပ်ထွေးနေတယ် " လို့ ဒေသခံက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်ကလည်း မုံရွာ - အမြင့်လမ်းဘေးရှိ နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်ရာမှာ လက်နက်ကြီးကျည်ထိမှန်လို့ ဒေသခံ ၃ ယောက်သေဆုံးပြီး လူနေအိမ် ၁၆ လုံးထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။
Photo - မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး