close

ထန်တလန်မြို့

close

January 4, 2022

ထန်တလန်မြို့ တိုက်ပွဲအတွင်း နေအိမ်များ ထပ်မံမီးလောင်ကျွမ်း

ချင်းပြည်နယ်၊ ထန်တလန်မြို့  အမှတ် ၁ ရပ်ကွက်မှာ ဇန်နဝါရီ ၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က စတင်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တွေ   မီးလောင်ခဲ့တယ်လို့ ထန်တလန်ဒေသခံတွေဆီက သိရပါတယ်။

ထန်တလန်မြို့ထဲမှာ CDF Thantlang  တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကြရာမှာ စစ်ကောင်စီက မီးလောင်ဗုံး အသုံးပြုပြီး ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နှစ်ဘက် ပစ်ခတ်ရင်း စကစ ဘက်က မီးလောင်ဗုံးသုံးပြီး ပစ်တယ်။ အိမ်တွေထဲကိုလည်း ပစ်တယ်။ ဘယ်နှလုံး လောင်သွားပြီလဲတော့ ဒီနေ့လောင်တာတော့ မသိရသေးဘူး။ ၃၀ ရက်နေ့က လောင်တာ ၅၅ လုံး ပါသွားတယ်။ ထန်တလန်မှာ အဲဒီနေ့အထိ အားလုံးပေါင်းဆိုရင် ၆၀၀ ကျော် လောက်အထိ မီးလောင်ပြာကျသွားပြီ၊ လူတွေလည်း နေစရာမရှိတော့ဘူး။” 

ဇန်နဝါရီ ၃ ရက်နေ့ မီးလောင်မှုမှာ Johson Memorial Baptist Church ကျောင်းလည်း မီးလောင်တဲ့အထဲ ပါသွားနိုင်ပြီး မီးလောင်ဆုံးရှုံးခဲ့တဲ့ နေအိမ်အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီကလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့တာကြောင့် ထန်တလန်မြို့က လူနေအိမ် ၅၅ လုံးနဲ့ AG အသင်းတော်ဘုရားကျောင်း မီးလောင်ကျွမ်းသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ထန်တလန်မြို့က နေအိမ်တွေကို ဖျက်ဆီး မီးရှို့မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံအားလုံး မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထန်တလန်မြို့ကို စက်တင်ဘာ ၁၈ ရက်မှာ တစ်ကြိမ်၊ အောက်တိုဘာ ၂၉ နဲ့ ၃၀ မှာ နှစ်ကြိမ်၊  နိုဝင်ဘာ ၆ ရက်နဲ့  ၂၇ ရက်နေ့မှာ နှစ်ကြိမ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ တစ်ကြိမ်၊ ဒီဇင်ဘာ ၄ ရက်နေ့နဲ့ ၈ ရက်နေ့မှာ နှစ်ကြိမ်၊ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

4 mins Ago

November 26, 2021

ထန်တလန်မြို့အနီး မြေငလျင်လှုပ်

ချင်းပြည်နယ်၊ ထန်တလန်မြို့အနီး  အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့  မြေငလျင်တခု နိုဝင်ဘာ ၂၆ ရက် ဒီကနေ့ မနက်က လှုပ်ခတ်သွား တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီ၊ ၁၅ မိနစ်၊ ၄၂ စက္ကန့် အချိန်  ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ထန်တလန်မြို့ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်လောက်အကွာ မြောက်လတ္တီတွဒ်  ၂၂ ဒသမ ၇၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၄၈ ဒီဂရီ၊ အနက် ၄၆ ကီလိုမီတာကို ဗဟိုပြုပြီး  မြေငလျင်လှုပ် သွားတာလို့ ဆိုပါတယ်။

ငလျင်ကို အိန္ဒိယ နယ်စပ်တလျှောက် မဏိပူရ်၊ အာသံနဲ့ မီဇိုရမ် ဒေသတွေကလည်း သိရှိခံစားခဲ့ရပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိသေးပါဘူး။

1 month Ago
Up