ရန်ကုန်မြို့အဝင် ထန်းတပင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ကုန်ကားမောင်းသူတွေထံက အဓမ္မပိုက်ဆံတောင်းရမ်းနေသလို မရပါက ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားနေတယ်လို့ ကုန်တင်ကားမောင်းသူတွေဆီက သိရပါတယ်။
ကုန်ကားမောင်းသူတွေဟာ ဧရာဝတီတိုင်းကနေ ဖြတ်လာပြီး ရန်ကုန်မြို့အဝင် ထန်းတပင်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းတဲ့အချိန်မှာ ငွေကြေးအဆမတန်ပေးရတယ်လို့ ကန်ကြီးထောင်မြို့က ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။
"လိုင်စင်ပါတယ်၊ Wheel Tax ပါတယ်၊ ကိုဗစ်စာရွက်ရော ထောက်ခံစာရောပါတယ်။ မရဘူး ပိုက်ဆံကို မရမက တောင်းတာ၊ အနိမ့်ဆုံး သုံးထောင်ပေးရတယ်။ ပေးရတာပြဿနာမဟုတ်ဘူး၊ ဆဲဆိုတာ ငါနဲ့ကိုင်တုတ်တာ။”
ငွေကြေးမရပါက ကိုယ်ထိလက်ရောက်ကျူးလွန်လာတာအပြင် ဓားနဲ့ထိုးတဲ့အဆင့်ထိပါ စစ်ကောင်စီတပ်က ကျူးလွန်လာလို့ ကုန်ကားမောင်းသူတချို့ အလုပ်မှရပ်နားသွားတယ်လို့ ယာဥ်ပိုင်ရှင်တဦးက ပြောပါတယ်။
"ကျမတို့ကုန်ကားဆိုရင် တညင်းကုန်းကို ကုန်ပစ္စည်းတွေပို့တာ ကုန်တွေကို လှန်လှောကြည့်ပြီး မှန်ကန်နေတာတောင် ပိုက်ဆံမရလို့ ယာဥ်မောင်းကို စစ်သားက ဓားနဲ့ထိုးဖို့လုပ်တာ၊ မနည်းတောင်းပန်လို့ ပါးပဲရိုက်လိုက်တာ။ အခုအိမ်က ယာဥ်မောင်းဆို ထန်းတပင်ဂိတ်ကိုကြောက်ပြီး အလုပ်နားသွားပြီ။"
ဘုရင့်နောင်ပွဲရုံ ကုန်သွားပို့ရာမှာ ကုန်ပစ္စည်းတွေကို ဖွင့်ပြရပြီး ဥပဒေနဲ့အညီ လုပ်ကိုင်နေတဲ့ ကုန်ကားမောင်းသူတွေဆီကလည်း စစ်ကောင်စီတပ်နဲ့ရဲက ပိုက်ဆံကို လှည့်ပတ်တောင်းရမ်းတယ်လို့ ညောင်တုန်းမှာ နေထိုင်သူတဦးက ပြောပါတယ်။
"စစ်ဆေးတာမှန်နေရင်တောင် စစ် (--) တွေက မရဘူး၊ ဖုန်းကိုယူပြီး စစ်တယ်၊ သတင်းဌာနတွေက သတင်းတွေကို ရှဲလ်ထားရင် ပါးခေါ်ရိုက်တယ်။ ပိုက်ဆံသိန်းနဲ့ချီ တောင်းတယ်။”
ဒီလိုစစ်ကောင်စီတပ်က ပြုမူတာတွေကို အရပ်သားပြည်သူတွေအပြင် စစ်မှုထမ်းဟောင်းတွေလည်း ခံနေရတာလို့ အငြိမ်းစားတပ်ကြပ်ကြီးတဦးက ပြောပါတယ်။
"ယူနီဖောင်းဝတ်ထားပြီး ရှက်ဖို့ကောင်းတယ်။ သူတောင်းစားပုံစံဖြစ်နေပြီ၊ စစ်တပ်က တိုင်လည်း အလကားပဲ၊ လက်ရှိမှာ သူကတာဝန်နဲ့ ကိုယ်ကတာဝန်မဲ့နေတယ်။”
စစ်တပ်အာဏာသိမ်းပြီးနောက် မြို့အဝင်ဂိတ်တွေမှာ စစ်ဆေးရေးယူရတဲ့ စစ်ကောင်စီတပ်သားတွေဟာ အိမ်တွေ ခြံတွေ ဝယ်နိုင်ပြီး ကုန်ကားမောင်းနှင်သူတွေကတော့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေ အများကြီးရှိပါတယ်။
ဧပြီ ၁၉ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က စစ်ဆေးရေးဂိတ်ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ နေရာယူထားတဲ့ စစ်ဆေးရေးဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Form Zero to hero အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဒီနေ့မနက် ၄ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ် ပြန်ထားပါတယ်။
“ဒီနေ့မနက်အစောပိုင်းမှာ လုပ်တာ ပကဖနဲ့ From zero to hero အဖွဲ့ပေါင်းလုပ်တာ နန်းထိုက်အောင် စစ်ဆင်ရေးအရလုပ်တာ အကြမ်းဖက်စစ်တပ်ဘက်က ဝန်ထမ်း ၂ ယောက်ဒဏ်ရာရတယ်” လို့ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေး ဌာနသတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက DVB ကို ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး ဂိတ်မှာ ပိုက်ဆံကောက်ခံနေတဲ့ စည်ပင် ဝန်ထမ်း ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နန်းထိုက်အောင်စစ်ဆင်ရေးအရ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ဆေးရေးဂိတ်ဟာ ဧပြီ ၁ ရက်နေ့ကစတင်ကာ ကုမ္ပဏီတခုက စာချုပ်သက်တမ်းကုန်းဆုံးလို့ အာဏာသိမ်းစစ်တပ်က ဝင်ငွေရှာနေတဲ့ ဂိတ်တခုလည်း ဖြစ်တယ်လို့ သိရပါတယ်။
နန်းထိုက်အောင်စစ်ဆင်ရေးဟာ အမျိုးသာညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံတောင်ပိုင်းရဲ့ မြို့ပြစစ်ဆေးရေးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ပစ်မှတ်အကုန်လုံးကို တိုက်ခိုက်သွားမယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာနက သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး တာဝန်ခံက DVB ကို ပြောပါတယ်။