ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာမှာ မေ ၁၀ ရက် မနက်က စစ်ကောင်စီတပ်က ကလေးငယ် ၇ ဦး အပါအဝင် ဒေသခံပြည်သူ ၁၈ ဦးကို အစုလိုက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၁၀ နာရီလောက်က ကျောက်ကြီးမြို့နယ်နဲ့ ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာကျေးရွာ မြောက်ကမ်းအနီးမှာ နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာတဲ့အပြင် PDF တွေကို လက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒေသခံပြည်သူ ၁၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တာပါ။
ဒေသခံတဦးက “အမှန်မှန်က ရွာသားတွေကို အပြစ်လုပ်ပြောတာ။ PDF ကို ရွာသားလက်ခံထားတယ်လို့ သူတို့မြင်တယ်။ အမှန်မှာတော့ ရွာသားကတော့ ဘယ်လက်ခံမတုန်း။ ဘယ်အဖွဲ့အစည်းမှ လက်မခံဘူး။ ဒါကို အဖွဲ့အစည်းဆိုတာက လာချင်တဲ့အဖွဲ့အစည်းက လာတာပဲလေ” လို့ ပြောပါတယ်။
ဒေသခံပြည်သူ ၁၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။
တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ အပြစ်မဲ့ပြည်သူတွေကို မီးရှို့သတ်ဖြတ်တာ၊ လေကြောင်းကနေ စောင့်ကြည့်ပျံသန်းနေတဲ့အတွက် ညောင်ပင်သာ၊ ဘုမ္မတီး၊ ကျွဲလမ်း၊ သရက်တန်း၊ ကြို့ပင်သာ၊ လက်လာကူ၊ ကျောက်ကြီးပေါင်း၊ သပြေညွန့် စတဲ့ အနီးအနားကျေးရွာက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မေ ၉ ရက် မနက် ၅ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်၊ ပိုးလိုနိုဖိုးကျေးရွာက နေအိမ် ၂ လုံး၊ လယ်ဝိုင်းကြီးကျေးရွာက နေအိမ် ၄၂ လုံး (ရွာလုံးကျွတ်)၊ စာသင်ကျောင်း ၁ ကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ မူကြိုကျောင်းနဲ့ ကျေးရွာသားပိုင် အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအရှေ့ဘက်ကမ်း ဘုမ္မတီးရွာ၊ ကျွဲလမ်းရွာ၊ သရက်တန်း၊ ကြို့ပင်သာရွာတွေကို မေ ၂ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီရဲ့ တောင်ငူလေတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦး ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ရဲ့ စနိုက်ဘာပါ လက်ဖြောင့်တပ်ဖွဲ့ဝင်တွေက သီတင်း၂ ပတ်အတွင်း ၆ ကြိမ်သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူတာဝန်ရှိသူထံက သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၂၊ လက်အောက်ခံ KNDO တပ်ရင်း ၄ နယ်မြေအတွင်းက စစ်ကောင်စီရဲ့ သေအေ့ထာ၊ ကိုဒေးနဲ့ ဘောဂလိမြို့တပ်စခန်းတွေကို မေ ၄ ရက်မှ မေ ၁၈ ရက်အတွင်း KNDO တပ်ဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ခဲ့တာပါ။
ကေအန်ယူတာဝန်ရှိသူတစ်ဦးက”ကျနော်တို့ဘက်က တပ်စခန်းတွေ အပြီးထွက်ခွာပေးဖို့ အသိပေးအကြောင်းကြားစာတွေ ထုတ်ပြန်ထားတယ်။ ဒါပေမဲ့ အခုထိမထွက်ခွာတဲ့အပြင် ဒေသခံတွေကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာ။ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေရတယ်။ ဒါကြောင့် တပ်စခန်းတွေ ထွက်အောင်နည်းလုပ်ပေါင်းစုံနဲ့ တိုက်ခိုက်ဖို့ပဲရှိတယ်”လို့ ဆိုပါတယ်။
မေ ၄ ၊ ၈ ၊ ၁၃ ၊ ၁၅ ရက်နေ့တွေက သေအေ့ထာတပ်စခန်းကို တစ်ကြိမ်စီသွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး၊ မေ ၁၄ ရက်က ကိုဒေးတပ်စခန်းကို သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရရှိ ခဲ့သလို ဘောဂလိမြို့ တပ်စခန်းကို မေ ၁၈ ရက်က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၁၅ ရက်က KNDO တပ်ရင်း ၄ နယ်မြေအတွင်းက ကိုဒေး၊ ကီးချောင်းနဲ့ ၄၈ မိုင်တပ်စခန်းတွေ ၁၅ ရက်အတွင်း အပြီးတိုင်းထွက်ခွာပေးဖို့နဲ့ မေ ၈ ရက်ကလည်း KNDO တပ်ရင်း ၆ နယ်မြေအတွင်းက ဘုံမ္မတီး၊ တောင်ကြီးနဲ့ ရှားစေးဘိုတပ်စခန်းတွေကို အမြန်ဆုံးထွက်ခွာပေးဖို့ အသိပေးစာထုတ်ပြန်ထားတာပါ။
စစ်ကောင်စီတပ်တွေဟာ အသိပေးထုတ်ပြန်စာတွေကို လိုက်နာခြင်းမရှိတဲ့အပြင် KNLA တပ်ရင်း ၅ နဲ့ ၆ နယ်မြေတွေကိုပါ နယ်မြေကျော်ဝင်ရောက်ကာ လူအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားတာ၊ တောနင်းပြီး PDF တွေရှိတယ်လို့ ယူဆရတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်စစ်ဆေးရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တပ်မဟာ ၂ နယ်မြေအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းတွေက ဒေသခံတွေရဲ့ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်ခတ်တာ၊ လူနေအိမ်တွေကို မီးရှို့တာတွေကြောင့် ဒေသခံအရပ်သားပြည်သူ ၁၀၀၀ ကျော်ဟာ နေအိမ်စွန့်ခွာပြီး မိမိတို့ဥယျာဉ်ခြံတွေ၊ ဆွေမျိုးတွေရှိရာမြို့တွေနဲ့ တော ၊ တောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒါအပြင် ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် (တောင်ငူ၊လွိုင်ကော်လမ်း) ကို ဆက်သွယ်သွားလာနေတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီရဲ့တပ်တွေက စစ်ရေးလုပ်ရှားမှုတွေ ပိုမိုလုပ်လာလို့ KNLA၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲတွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။