ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအရှေ့ဘက်ကမ်း ဘုမ္မတီးရွာ၊ ကျွဲလမ်းရွာ၊ သရက်တန်း၊ ကြို့ပင်သာရွာတွေကို မေ ၂ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦး ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၂ နယ်မြေအတွင်းက ကျေးရွာတွေကို တောင်ငူလေတပ်ကနေ တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့ရသလို ကျေးရွာ ၄ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဒေသခံရွာသားတဦးက “လေကြောင်းကနေ ဗုံးကြဲပြီး ပစ်ခတ်သွားတာ။ အခု အရပ်သားပြည်သူတွေနေတဲ့ရွာမှန်း သိသိနဲ့လုပ်တာ။ လက်နက်မဲ့ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ လုပ်သွားတာ။ ကျနော်တို့ပြည်သူတွေကလည်း အကြမ်းဖက်စစ်တပ်ကို အမြစ်ပြတ်စေချင်ပြီ။ အမြန်ဆုံးလည်း ချုပ်ငြိမ်းစေချင်ပြီ။ ပြည်သူတွေက ကျီးလန့်စာစား နေနေရတဲ့ဘဝ ဖြစ်နေပြီ” လို့ ပြောပါတယ်။
မေ ၂ ရက် မနက်ပိုင်းက ေကအန်ယူ တပ်မဟာ ၂ တာဝန်ရှိသူတွေ အစည်းအဝေး ပြုလုပ်နေတာကို စစ်ကောင်စီတပ်က သတင်းရရှိပြီး တောင်ခြေမှာရှိတဲ့ ကျေးရွာတွေကို ပစ်မှတ်ထားသလို ဘုမ္မတီးရွာအတွင်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်တွေ ရောက်ရှိနေတယ်ဆိုတဲ့သတင်း စစ်ကောင်စီတပ်ကို သတင်းပေးသူရှိတဲ့အတွက် အခုလို လာရောက်ဗုံးကြဲတာ ဖြစ်နိုင်တယ်လို့ ကေအန်ယူ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဘုမ္မတီးကျေးရွာထဲကို ဇရပ်ကြီးအခြေစိုက် စစ်တပ်က လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိရာ ဧပြီလ နောက်ဆုံးပတ်က အသက် ၅၀ အရွယ် အမျိုးသားတဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
photo-cj
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ချောင်းဝအုပ်စု ရွာသာယာကျေးရွာ ကားလမ်းမပေါ်မှာ ဇန်နဝါရီ ၁၇ ရက် နေ့လယ်က အမည်မသိလက်နက်ကိုင်အဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ အနီးနားက ကလေးငယ်တဦး ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းဝအုပ်စု ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ဝင်းနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်တို့ အတူကားမောင်းပြန်လာတဲ့အချိန် အမည်မသိအဖွဲ့က ဘေးကပ်လျက် ကားမောင်းလာပြီး သေနတ်နဲ့ တရစပ်ပစ်ခတ်လို့ အုပ်ချုပ်ရေးမှူးနှစ်ယောက်လုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့သလို လမ်းဘေးခြံထဲ ဆော့ကစားနေတဲ့ အသက် ၈ လအရွယ် ကလေးငယ်လည်း ဦးခေါင်း ကျည်ဆန်ထိမှန်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတယောက်က ပြောပါတယ်။
ဦးခေါင်းကျည်ဆန်ထိမှန်တဲ့ ကလေးငယ်ကို အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူမှုကူညီရေးအသင်းက နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို အချိန်မီ ပို့ဆောင်ပေးခဲ့ပေမဲ့ ညနေ ၃ နာရီမှာတော့ ဆုံးပါးသွားခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးတဲ့အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အခုပစ်ခတ်မှုကို ဘယ်အဖွဲ့က ဆောင်ရွက်တယ်ဆိုတာကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သလို ဒေသတွင်းအဖွဲ့အစည်းတွေကလည်း အခုပစ်ခတ်မှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။