close

ထပ်မံကျူးလွန်

close

July 21, 2022

မြန်မာစစ်တပ်က ပြည်သူလူထုကို မိုင်းထောင်ပြီး စစ်ရာဇဝတ်မှုများထပ်မံ ကျူးလွန်နေဟု AI အဖွဲ့ ပြော

ကယားပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ ကျေးရွာတွေရဲ့ ဝန်းကျင်မြေပြင်တွေမှာ မြန်မာစစ်တပ်က မိုင်းတွေအမြောက်အမြားထောင်ရင်း စစ်ရာဇဝတ်မှုတွေကို ထပ်မံကျူးလွန်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) အဖွဲ့က ဇူလိုင်လ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့မှာ အကြမ်းဖက်စစ်တပ်ကို ပြန်လည်ခုခံတော်လှန်နေတဲ့ လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပြီး အကြမ်းဖက်စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ရင်း စစ်ကောင်စီတပ်တွေဟာ ပတ်ဝန်းကျင် လူနေရွာတွေကိုလည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။

ထိုင်းနယ်စပ်အနီးက ကယားပြည်နယ်အတွင်းသို့ သွားရောက်ကာ မိုင်းနင်းမိခဲ့သူတွေနဲ့ သူတို့ကို ကုသပေးနေသူတွေ၊ မိုင်းရှင်းလင်းရေးမှာ ပါဝင်ဆောင်ရွက်နေသူတွေကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ သုတေသီတွေက အင်တာဗျူးခဲ့စဉ် အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

လယ်ကွင်းကိုသွားတဲ့ လမ်းတွေအပါအဝင် အနည်းဆုံး ရွာပေါင်း ၂၀ ဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေ ထောင်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတွေရှိခဲ့ပြီး သူတို့မှာ ခိုင်လုံတဲ့သက်သေအထောက်အထားတွေ ရရှိထားကြောင်း သုတေသီတွေက ပြောပါတယ်။

ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းနဲ့ ပတ်ဝန်းကျင်မြေပြင်ပေါ်မှာပါ စစ်ကောင်စီရဲ့ တပ်တွေက မြေမြှုပ်မိုင်းထောင်ခဲ့တဲ့ဖြစ်ရပ်တွေကိုလည်း မှတ်တမ်းတင်ထားကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လူနေအိမ်ဝင်းအတွင်း၊ အိမ်အဝင်အထွက်နေရာနဲ့ အိမ်သာအနီးဝန်းကျင်တွေမှာပါ မိုင်းတွေထောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လူနေအိမ်လှေကားမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တွဲပြီးတပ်ဆင်ထားတဲ့ နင်းမိုင်းတစ်ခုကို စစ်သားတွေက တပ်ဆင်ထားခဲ့တာကိုလည်း မှတ်တမ်းတွေထဲမှာ တွေ့ရပါတယ်။ 

စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေကြတဲ့ တပ်ဖွဲ့တွေက မိုင်းရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေကြပေမဲ့ လက်နက်ကိရိယာစုံလင်ခြင်းမရှိသလို ကျွမ်းကျင်သူတွေရဲ့ စနစ်တကျလေ့ကျင့်ပေးမှုလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

အရပ်သားထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့ သေဆုံးမှုတွေဟာ နောက်ထပ် ထပ်ပြီးရှိနေဦးမှာပဲ ဆိုတာရယ်၊ သူတို့ရဲ့ ထောင်ချောက်တွေကြောင့် အရပ်သားတွေဟာ အိမ်ပြန်ဖို့နဲ့ လယ်ပြန်လုပ်ဖို့ မဖြစ်နိုင်သေးဘူးဆိုတာရယ်ကို ဆိုးရွားတဲ့ အတွေ့အကြုံတွေကနေသိလိုက်ရတယ်လို့ သုတေသီအဖွဲ့ရဲ့ အကြီးတန်း အကြံပေးအရာရှိက ပြောပါတယ်။ 

မြန်မာစစ်ကောင်စီဟာ ကုလသမဂ္ဂရဲ့ မြေမြှုပ်မိုင်းအသုံးမပြုရေး၊ မစုဆောင်းရေး၊ မထုတ်လုပ်ရေး တားမြစ်ချက်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။ အဲဒါအပြင် စစ်ကောင်စီရဲ့ တပ်တွေဟာ ဆယ်စုနှစ်များစွာအတွင်း ပြည်တွင်းပဋိပက္ခတွေမှာလည်း အရပ်သားတွေကို အကြမ်းဖက်မှုနဲ့ နှိပ်စက်အနိုင်ကျင့်မှုတွေရှိခဲ့ပါတယ်။    

မြန်မာပြည်တွင်း ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ မြေမြှုပ်မိုင်းနင်းမိလို့ ကလေးငယ်တွေအပါအဝင် ဒေသခံ ပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတဲ့  ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

Photo-FBR

4 mins Ago
Up