ရန်ကုန်အပါအဝင် နယ်ဒေသတွေမှာ တောင်သူလက်ဝယ် စပါးလက်ကျန်လျော့နည်းလာချိန် စျေးကွက်ဝယ်လိုအား မြင့်တက်နေတာကြောင့် ဆန်၊ စပါး စျေးနှုန်းတွေ ထပ်မံမြင့်တက်လာပါတယ်။
လတ်တလော ပြည်တွင်း၊ ပြည်ပ ဝယ်လိုအား မြင့်တက်နေတာကြောင့် ရန်ကုန် အပါအဝင် နယ်ဒေသတွေမှာ ဆန်လိုအပ်ချက် များလာပြီး အခုလို ဆန်နဲ့စပါးစျေးနှုန်းတွေ အမြင့်ဘက်ကို ထပ်မံဦးတည်လာတာပါ။
စက်ပိုင်နဲ့ ကုန်သည်တွေက စပါးရရှိအောင် စျေးပေးဝယ်ယူတာတွေ ရှိနေတယ်လို့ သိရပြီး အထူးသဖြင့် ဆန်ကြမ်းစပါးစျေး ပိုမို စျေးမာနေတာ ဖြစ်ပါတယ်။
“ဆန်ကြမ်းစပါးရှားပြီး ဝယ်လိုအားများနေတော့ စျေးတွေတက်နေတာ” လို့ ဆန်ကုန်သည်တဦးက မှတ်ချက်ပြုပါတယ်။
နိုင်ငံတကာစျေးကွက်မှာ ဆန်၀ယ်လိုအားနဲ့ စျေးမြင့်တက်နေချိန် ပြည်တွင်းမှာလည်း စပါးအထွက်နှုန်း လျော့ကျနိုင်တဲ့ အခြေအနေ၊ အဆမတန် မြင့်တက်နေတဲ့ စိုက်ပျိုးစရိတ်၊ အရင်းနှီးတွေကြောင့် ဆန်စျေး၊ စပါးစျေး စျေးအမြင့်မှာပဲ ရှိနေခဲ့တာပါ။
ဒါ့အပြင် လျှပ်စစ်မီး ပုံမှန်မရလို့ ဆန်စက်တွေကို လောင်စာဆီအသုံးပြုပြီး လည်ပတ်နေရတာကလည်း ပြည်တွင်းဆန်စျေးကို မြင့်တက်လာစေပါတယ်။
ဧရာကုန်သွယ်မှုဗဟိုဌာနက ထုတ်ပြန်တဲ့ စျေးနှုန်းစာရင်းအရ ဧရာဝတီတိုင်း စျေးကွက်မှာ ပေါ်ဆန်းစပါးစျေးနှုန်းက မြို့နယ်အလိုက် ၄၆ ပေါင် စပါးတင်း ၁၀၀ ကို ကျပ် ၁၁ သိန်း ၃ သောင်းကျော်ကနေ ၁၂ သိန်း ၁ သောင်းကျော်အထိရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်စျေးနှုန်းထက် တင်းတရာကို ကျပ် ၂ သောင်း ဝန်းကျင် ထပ်မံမြင့်တက်လာပါတယ်။
ဧည့်မထစပါးစျေးနှုန်းကလည်း မြို့နယ်အလိုက် တင်း ၁၀၀ ကို ကျပ် ၇ သိန်း ၄ သောင်းကျော်ကနေ ၈ သိန်းခွဲကျော်အထိရှိပြီး၊ တပတ်အတွင်း ၂ သောင်းကနေ ၃ သောင်းဝန်းကျင် မြင့်တက်လာပါတယ်။
ရန်ကုန် ဆန်စျေးကွက်မှာလည်း တပတ်အတွင်း ဆန်တအိတ်ကို ကျပ် ၅၀၀ ကနေ ကျပ် ၃၅၀၀ ကြားအထိ စျေးထပ်မံမြင့်တက်လာတာပါ။
နိုင်ငံတကာ ဆန်ဝယ်လိုအားကောင်းနေပြီး ပြည်တွင်းမှာ စပါးအထွက်နှုန်းလျော့ကျနိုင်တဲ့ အခြေအနေကြောင့် စပါးစျေးအကျထက် အတက်ဘက်ကိုသာ ဦးတည်နိုင်တယ်လို့ စျေးကွက်လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
မြန်မာ့ဆန်နဲ့ ဆန်ကွဲကို တရုတ်၊ ဘယ်ဂျီယံ၊ ဖိလစ်ပိုင်၊ စပိန်၊ ကင်မရွန်း၊ အိုင်ဗရီကို့၊ ပိုလန်၊ နယ်သာလန်နိုင်ငံတွေကို အဓိကအများဆုံး တင်ပို့ရောင်းချနေပြီး ၂၀၂၂ ရဲ့ ပထမ ၅ လအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁ သန်းကျော် တင်ပို့ထားပြီး ဧပြီလနဲ့ ဇန်နဝါရီလမှာ တင်ပို့မှု အားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။
တစ်ကျပ်သားကို ကျပ်သိန်း ၂,ဝ၄၀,၀၀၀ အထက်မှာ ရက်အတန်ကြာ ငြိမ်နေခဲ့တဲ့ ပြည်တွင်းရွှေစျေးက ကမ္ဘာ့ရွှေဈေးနဲ့အတူ ဇွန် ၁၁ ရက် ဒီနေ့ ကျပ် ၂,၀၅၅,၀၀၀ စျေးတန်းကို ပြန်လည် မြင့်တက်လာပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းဟာပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၄၁ နဲ့ ၁၈၅၆ အကြားမှာရှိနေပြီး ပြည်တွင်းရွှေဈေးနှုန်းကလည်း တစ်ကျပ်သားကိုကျပ် ၂,၀၄၀,၀၀၀ နဲ့ ၂,၀၅၀,၀၀၀ အကြားမှာအရောင်းအဝယ် ဖြစ်နေတာပါ။
ဒီနေ့ ကမ္ဘာ့ရွှေဈေးက ၁၈၇၁ ဒေါ်လာကို မြင့်တက်လာပြီး ပြည်တွင်းရွှေဈေးကလည်းကျပ် ၂,၀၅၅,၅၀၀ ထိထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။
ဒေါ်လာငွေလဲနှုန်း ၁ ဒေါ်လာကို မြန်မာငွေ ၁၈၅၃ ကျပ်နဲ့ ပြည်တွင်းရွှေဈေးကို တွက်ချက် အရောင်းအဝယ်ပြုလုပ်ဖို့ စစ်ကောင်စီက စီမံလာပြီးနောက် ပြည်တွင်းမှာ ရွှေမှောင်ခို စျေးကွက် ဖြစ်ပေါ်လာကာ တရားဝင်အရောင်းအဝယ်တွေလည်း အေးနေပါတယ်။
ရွှေကုန်သည်တစ်ဦးက "စျေးကွက်က ပျက်နေတုန်းပဲ။ စောင့်ကြည့်နေတာဆိုတော့ များများလည်း မဝယ်ရဲကြဘူး။ တလောကလည်း ရွှေပွဲစားတွေ အဖမ်းခံရတယ်လေ" လို့ ပြောပါတယ်။
YGEA သတ်မှတ်တဲ့စျေးနှုန်းကို ၅၀၀၀ ကျပ်ပေါင်းထည့်ပြီး ရွှေစျေးနှုန်းသတ်မှတ် အရောင်းအ၀ယ် ပြုလုပ်ဖို့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေဆိုင်တွေ၊ ရွှေကုန်သည်တွေကို ညွှန်ကြားထားပေမဲ့လည်း မြေပြင်စျေးကွက်မှာ လက်ရှိအချိန်ထိ YGEA ရဲ့သတ်မှတ်စျေးနဲ့ ရောင်းချနိုင်ခြင်းမရှိဘူးလို့ ရွှေကုန်သည်တွေထံက သိရပါတယ်။
ရွှေကုန်သည်တစ်ဦးက "သတ်မှတ်စျေးတော့ မြင့်လာတယ်။ ဒါပေမဲ့ အဲစျေးနဲ့တော့ အရောင်းအဝယ် မလုပ်နိုင်ကြသေးဘူး။ အနည်းဆုံး တစ်သောင်းလောက်တော့ ကွာတယ်"လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ ရွှေမှောင်ခိုစျေးကွက်ပပျောက်ပြီး ရွှေစျေးနှုန်းတည်ငြိမ်စေဖို့အတွက်ဆိုကာ ရွှေဆိုင်နဲ့ရွှေကုန်သည်တွေကို စောင့်ကြည့်ပြီး ခေါ်ယူစစ်ဆေးခဲ့သလို မကြာသေးခင်ကလည်း ရွေမှောင်ခိုစျေးကွက်ပပျောက်ဖို့အတွက် ဆိုကာ ရွှေဆိုင်နဲ့ရွှေကုန်သည်တွေ၊ မီးလင်း အတုံးအခဲ အရောင်းအ၀ယ် ပြုလုပ်သူတွေကို လိုင်စင်ပြုလုပ်ဖို့အပါအဝင် ရွှေကုန်သည်တွေလိုက်နာရမယ့် စည်းကမ်း ၇ ချက်ကို ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင်ပြည်တွင်းမှာ ရွှေစျေးနှုန်းတည်ငြိမ်ဖို့နဲ့ ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိစေဖို့အတွက် ပြည်ပကနေ ရွှေကုန်ကြမ်းတင်သွင်းသွားဖို့ကိုလည်း စီမံနေတယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေး အမြင့်ပိုင်းမှာရှိနေတဲ့အပြင် ပြည်ပကနေ ရွှေကုန်ကြမ်းတင်သွင်းပါက ဒေါ်လာလိုအပ်ချက် ပိုများလာနိုင်ပြီး ပြည်တွင်း ဒေါ်လာငွေလဲနှုန်းအပေါ်လည်း ထပ်မံ သက်ရောက်လာနိုင်တာကြောင့် တင်သွင်းဖို့ မလွယ်ကူနိုင်ဘူးလို့ ရွှေလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။
စစ်ကောင်စီကတော့ ရွှေစျေးကွက်ကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းရွှေစျေးကတော့ ကျဆင်းသွားခြင်း မရှိဘဲ အမြင့်စျေးမှာပဲ ဆက်ရှိနေတာပါ။
မြန်မာနိုင်ငံမှာစစ်တပ်အာဏာ မသိမ်းခင်က ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်မှာပဲရှိခဲ့ပြီး အာဏာသိမ်းပြီး ၁၅ လကျော်အကြာမှာတော့ ကျပ်သိန်း ၂,၀၅၀,၀၀၀ အထက်ထိ စံချိန်တင် မြင့်တက်နေတာပါ။