ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာက ကြီးမြတ်တဲ့ အဆင့်တခုကို တက်လှမ်းနိုင်ခဲ့တာဖြစ်ကြောင်း တိုက်စစ်မှူးထရော့ဆတ်က ပြောပါတယ်။
ဘယ်လ်ဂျီယံအသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ချိန်မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်ပြီး ထရော့ဆတ်က ပြောခဲ့တာပါ။
သူဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၁ ဂိုးသွင်း ၆ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်မှာ ပွဲချိန်အများကြီး ကစားရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေ ရှိခဲ့တာက ပွဲထွက်ခွင့် ပိုရလာခဲ့ကြောင်း ထရော့ဆတ်က ပြောပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းဟာ ထူးချွန်တဲ့ကစားသမားတွေနဲ့ ခမ်းနားကြီးကျယ်တဲ့အသင်း ဖြစ်ပြီး အဲဒီအချက်က ကစားသမားသစ်တယောက်အတွက် အမြန်ဆုံးအံဝင်ဖို့ အကူအညီ ဖြစ်စေခဲ့ကြောင်းလည်း ပြောပါတယ်။
ဘယ်လ်ဂျီယံအသင်းမှာ အသင်းခေါင်းဆောင်သစ် ဒီဘရိုင်း ဖြစ်လာတာကို ထရော့ဆတ်က ဝမ်းသာစကားဆိုခဲ့ပြီး ဒီဘရိုင်းဟာ အသင်းအကြောင်း ကောင်းကောင်းသိသလို အတွေ့အကြုံအရလည်း အများကြီးရှိတဲ့သူဖြစ်ကြောင်း ထရော့ဆတ်က ချီးကျူးခဲ့ပါတယ်။
ကစားသမားသစ် ထရော့ဆတ်ဟာ အာဆင်နယ်တိုက်စစ်ကစားသမားတွေရဲ့ နေရာတခုကို လုယူနိုင်မယ့်သူ ဖြစ်တယ်လို့ ဂိုးသမား အာရွန်ရမ်စ်ဒေးက ပြောပါတယ်။
ဘယ်လ်ဂျီယံကွင်းလယ်လူ ထရော့ဆတ်ဟာ ဘရိုက်တန်ကနေ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ မန်ယူအသင်းနဲ့ပွဲစဉ်မှာ အနိုင်ဂိုးအတွက် ပါဝင်ပတ်သက်ခဲ့တာ ဖြစ်ပါတယ်။
မိနစ်အနည်းငယ်သာ ကစားခဲ့ရပေမဲ့ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တဲ့ ထရော့ဆတ်ဟာ အာဆင်နယ် တိုက်စစ်ကစားသမားတဦးရဲ့နေရာကို အစားဝင်နိုင်သူဖြစ်ကြောင်း၊ တချိန်တုန်းက ဂိုးသမားလေနိုရဲ့ နေရာကို ရယူနိုင်ခဲ့တဲ့ သူ့ရဲ့ပုံစံအတိုင်း ထရော့ဆတ်ကလည်း ပုံမှန်ပွဲထွက်ခွင့်တနေရာကို လုယူနိုင်မှာဖြစ်ကြောင်း ရမ်စ်ဒေးက ပြောခဲ့တာပါ။
ထရော့ဆတ်ဟာ ပွဲဦးထွက်ပွဲစဉ်မှာ မာတင်နယ်လီရဲ့ ဘယ်တောင်ပံတိုက်စစ်နေရာမှာ ကစားခဲ့ပေမဲ့ သူကစားချင်တဲ့နေရာ ပြောဖူးတာက အိုဒီဂတ်ကစားနေတဲ့ ကွင်းလယ်တိုက်စစ်နေရာ ဖြစ်ပါတယ်။