ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ အထက်ဗမာပြည် တိုင်းမှူးတဦးဖြစ်သူ ဗိုလ်မှူးကြီးဗထူး ကျဆုံးခဲ့တဲ့ ဇွန် ၂ ရက်နေ့ကို "ဗထူးနေ့" အဖြစ် သတ်မှတ်ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဇွန် ၂ ရက် ဗိုလ်မှူးကြီးဗထူး ကျဆုံးတဲ့ ၇၇ နှစ်ပြည့်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင်တဦးကတော့ "ဗိုလ်မှူးကြီးဗထူးက လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ။ ဒါပေမဲ့ အခုထိ ထိုက်သင့်တဲ့ အသိအမှတ်ပြုမှု မရခဲ့ဘူး။ ဒါကြောင့် ကျနော်တို့ဒေသရဲ့ သူရဲကောင်းတဦးကို အသိအမှတ်ပြုတဲ့အနေနဲ့ရော နောက်ထပ်မျိုးဆက်သစ်တွေ လုံးဝမေ့မသွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ရော အခုလို အထိမ်းအမှတ်နေ့ သတ်မှတ်တာပါ" လို့ ပြောပါတယ်။
လောင်းလုံးမြို့နယ်၊ လေးသွန်ခံကျေးရွာဇာတိ ဗိုလ်မှူးကြီးဗထူးဟာ ၁၉၄၂ ခုနှစ်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို တပ်သား ၁၅ ဦး အုပ်ချုပ်ရတဲ့ တပ်ကြပ်ကလေးရာထူးနဲ့ စတင်ဝင်ရောက်ခဲ့ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ၁၉၄၅ ခုနှစ်၊ ဇွန် ၂ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တာလူးစခန်းမှာ ကျဆုံးခဲ့ပါတယ်။
ဗိုလ်မှူးကြီးဗထူးဟာ ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ခဲ့တဲ့ စစ်တိုင်းမှူးတဦးဖြစ်ပြီး ၁၉၄၅ ခုနှစ်၊ မေ ၁ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုးကာ ဗိုလ်မှူးအဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်ကို ရာထူးတိုး တာဝန်ပေးအပ်တာ ခံခဲ့ရပါတယ်။
ဇွန် ၂ ရက် မနက်ပိုင်းကလည်း ဗိုလ်မှူးကြီးဗထူးကျဆုံးတဲ့ ၇၇ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာအတွင်းရှိ ဗိုလ်မှူးကြီးဗထူးပန်းခြံမှာ ပြုလုပ်ခဲ့ကြပြီး အဲဒီအခမ်းနားမှာ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက "ဗထူးနေ့" အဖြစ်သတ်မှတ်ကြောင်း ကြေညာချက်ကို ဖတ်ကြားသွားခဲ့ပါတယ်။
စစ်ကောင်စီကပြုလုပ်မယ့် သင်္ကြန်ပွဲတော်ကို ဆန့်ကျင် သပိတ်မှောက်တဲ့အနေနဲ့ ထားဝယ်ခရိုင်အတွင်း ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှာ အသံတိတ်သပိတ်ပြုလုပ်မှာဖြစ်ပြီး ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ဒီမိုကရေစီအေရး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က တိုက်တွန်းထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက တဖက်မှာ ကလေးငယ်တွေပါမချန် အပြစ်မဲ့ပြည်သူ အများအပြားကို ဖမ်းဆီးသတ်ဖြတ်နေပြီး တဖက်က သင်္ကြန်ပွဲတော် ကျင်းပတာဟာ သူတို့ရဲ့လက်အောက်မှာ ပြည်သူတွေ ငြိမ်ဝပ်ပိပြားနေပြီဖြစ်ကြောင်း ပြသဖို့ လိမ်လည်လှည့်ဖြားမှုသာဖြစ်တယ်လို့ သပိတ် ကော်မတီက ဆိုပါတယ်။
တော်လှန်ရေးရေလှိုင်းကို အရှိန်ကျသွားစေဖို့ အတုအယောင် ပျော်ရွှင်မှုတွေနဲ့ အစားထိုး လှည့်ဖြားမှုသာ ဖြစ်တဲ့အတွက် အခုလိုမျိုး အသံတိတ်သပိတ်ပြုလုပ်ကာ ဆန့်ကျင်သပိတ်မှောက်ဖို့လည်း တိုက်တွန်းထားပါတယ်။
ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တဦးက "အခု သင်္ကြန်ကာလဟာ အသံတိတ်သပိတ်လုပ်ဖို့ အသင့်တော်ဆုံးအချိန်ပဲ။ စစ်ကောင်စီက အတုအယောင် သင်္ကြန်ပွဲတော် လုပ်ပေးပြီး လူတွေကို လမ်းပေါ်ဆွဲထုတ်ဖို့ ကြိုးစားတယ်။ ကျနော်တို့က လမ်းပေါ်မထွက်ဘဲ အိမ်မှာနေပြီး သပိတ်မှောက်မယ်။ အဲ့ကျ သူတို့ကြိုးပမ်းမှုတွေ အလဟဿဖြစ်ကုန်မယ်။ ဒါကြောင့် ထားဝယ်ခရိုင်အတွင်းက ပြည်သူတွေ အသံတိတ်သပိတ်မှာ ပါဝင်ပေးကြပါ" လို့ ပြောပါတယ်။
ထားဝယ်ခရိုင် အသံတိတ်သပိတ်ကို ဧပြီ ၁၄ ရက်၊ သင်္ကြန်အကျနေ့မှာ မနက် ၉ နာရီကနေ နေ့လယ် ၂ နာရီအထိ ပြုလုပ်မှာဖြစ်ပြီး အဆိုပါ အချိန်အတောအတွင်း နေအိမ်ပြင်ပ မထွက်ဘဲ အသံတိတ်သပိတ်မှာ ပါဝင်ပေးကြဖို့ ထားဝယ်ခရိုင် သပိတ်ကော်မတီက တိုက်တွန်းထားပါတယ်။
အခုပြုလုပ်မယ့် အသံတိတ်သပိတ်ဟာ အရင် အသံတိတ်သပိတ်တွေ လုပ်ခဲ့တုန်းကလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်တာမျိုးမဟုတ်ဘဲ ထားဝယ်ခရိုင်တခုတည်းမှာသာ ပြုလုပ်တာ ဖြစ်ပါတယ်။
ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ကာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ကြိုးပမ်းနေပြီး ထားဝယ်ခရိုင် သပိတ်ကော်မတီ အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးကလည်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီကပြုလုပ်တဲ့ သင်္ကြန်ပွဲတော်မှာ မပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။