တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အခြေစိုက် အမှတ် ၂၈၂ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်သား စည်သူအောင်ဟာ ဇန်နဝါရီ ၁၇ ရက်မှာ ကော်သူးလေစစ်တပ် မဟာမိတ်ပူးပေါင်းဖွဲ့ဆီကို သေနတ် ၂ လက်၊ တခြားဆက်စပ်ပစ္စည်းတွေနဲ့အတူ ပူးပေါင်းလာတယ်လို့ မဟာမိတ်အဖွဲ့ နွေဦးပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
ပူးပေါင်းရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သား စည်သူအောင်ကို တပ်မဟာမှူး ဗိုလ်အယ်ကွီးက လက်ခံကြိုဆိုကာ အားပေးစကား ပြောခဲ့ပါတယ်။
အလင်းဝင်လာတဲ့ တပ်သား စည်သူအောင်က တပ်ရင်းမှာကျန်ခဲ့တဲ့သူတွေအနေနဲ့ အဓိပ္ပာယ်မရှိတဲ့ တိုက်ပွဲတွေတိုက်ပြီး အဓိပ္ပာယ်မဲ့ အသေမခံဘဲ အချိန်မီသေးတဲ့အချိန်မှာ ပြည်သူ့ထံ အလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
အလင်းဝင်လိုတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း ဗိုလ်အယ်ကွီး ဦးဆောင်တဲ့ ကော်သူးလေအာမီ မဟာမိတ်တပ်ဖွဲ့တွေဆီ တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။
စစ်ကောင်စီတပ်သား စည်သူအောင် နေထိုင်ခဲ့တဲ့ ကလိန်အောင်အခြေစိုက် ခလရ ၂၈၂ တပ်ရင်းဟာ တနင်္သာရီကမ်းလွန်ကနေ ထိုင်းနိုင်ငံကို ပို့ဆောင်နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းတဲ့ နတ်အိမ်တောင်မှာ လုံခြုံရေးယူရတဲ့ တပ်ရင်းဖြစ်ပြီး တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်က စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ရတဲ့ တပ်ရင်းလည်း ဖြစ်ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာ အခုနှစ် စက်တင်ဘာနဲ့ အောက်တိုဘာလဆန်းပိုင်းတွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သူ ၄ ယောက်အထိ ရှိခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေရဲ့ မှတ်တမ်း အရ သိရပါတယ်။
သေဆုံးသူတွေဟာ ထားဝယ်မြို့နယ်က အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်၊ လောင်းလုံမြို့နယ်က အမျိုးသားတယောက်နဲ့ ရေဖြူမြို့နယ်က အမျိုးသားတယောက်တို့ဖြစ်ကြီး အဲဒီထဲက သုံးယောက်ဟာ အသက် ၅၀ နဲ့အထက် သက်ကြီးပိုင်းတွေဖြစ်ကြကာ ကျန်တယောက်ကတော့ အသက် ၃၀ ဝန်းကျင် အမျိုးသားတယောက် ဖြစ်ပါတယ်။
စက်တင်ဘာ ၁၀ ရက်က ထားဝယ်မြို့ ဆန်းချီရပ်ကွက်က အသက် ၆၅ နှစ်အရွယ် ဦးတင်ထွန်း မိမိကိုယ်ကိုယ်ကိုယ် ကြိုးဆွဲချအဆုံးစီရင်ခဲ့ပြီး အောက်တိုဘာ ၁၂ ရက်မှာ ထားဝယ်မြို့နယ်၊ ပေါက်တိုင်းရွာက အသက် ၆၃ နှစ်အရွယ် ဒေါ်မြကြွယ် အဆုံးစီရင်ခဲ့တယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့က အမျိုးသားဟာ စားဝတ်နေရေး အခက်အခဲကြောင့်ဖြစ်ပြီး အမျိုးသမီးကတော့ မိသားစုပြဿနာတွေကြောင့် သတ်သေခဲ့တာလို့ တရပ်ကွက်ထဲနေသူတွေက ပြောပါတယ်။
အလားတူ စက်တင်ဘာ ၂ ရက်က လောင်းလုံမြို့နယ် ညင်းမော်ရွာက ရော်ဘာခြံအတွင်း နေထိုင်သူ အသက် ၃၀ ဝန်းကျင် အမျိုးသား တဦး ဆွဲကြိုးချသေဆုံးသွားတယ်လို့ သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ စေတနာရှင်ပရဟိတအဖွဲ့က ပြောပါတယ်။
အဲဒီလထဲမှာပဲ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာနေ အသက် ၅၀ ကျော်အရွယ်ရှိ ယာဉ်မောင်းအမျိုးသား တဦးလည်း မိမိကိုယ်ကို ဆွဲကြိုးချအဆုံးစီရင်သွားတယ်လို့ ရပ်ကွက်နေ နီးစပ်သူတဦးက ပြောပါတယ်။
လောင်းလုံနဲ့ ရေဖြူက သေဆုံးသွားတဲ့ အမျိုးသားတွေကတော့ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာတော့ မသိရပါဘူး။
အခုလို သေကြောင်းကြံစည်သွားတဲ့သူ ၄ ယောက်စလုံးဟာ သာမန်လက်လုပ်လက်စား မိသားစုတွေ ဖြစ်တယ်လို့ သိရပြီး မြေပြင်မှာ သေကြောင်းကြံစည်မှုဖြစ်ပြီး အချိန်မီကယ်တင်နိုင်လို့ အသက်မသေဆုံးတဲ့ အမှုတွေလည်း ရှိတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ကံပေါက်ဒေသက ကြက်ခြေနီတပ်ဖွဲ့ဝင်တ ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်စဉ်ပြီးနောက် တနှစ်ခွဲကျော်အကြာ သြဂုတ်နဲ့ စက်တင်ဘာတွေ မှာ နိုင်ငံတဝန်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာကို တွေ့နေရပါတယ်။