close

ထားဝယ်မြို့

close

March 25, 2023

ထားဝယ်မြို့အဝင်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ထော်လာဂျီယာဉ်မောင်း သေဆုံး

တနင်္သာရီတိုင်း  ထားဝယ်မြို့အဝင်  ဇဟာရွာ ၊ အောင်ဖြိုးပိုင် စက်သုံးဆီဆိုင်နားမှာ မတ် ၂၅ ရက် မနက်အစောပိုင်းက ထော်လာဂျီ တစီးကို ကုန်တင်ကားက ဝင်တိုက်တာကြောင့် ထော်လာဂျီ ယာဉ်မောင်း အမျိုးသား သေဆုံးသွားခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။

ရပ်ထားတဲ့ ထော်လာဂျီကို ရေဖြူမြို့ကနေ ထားဝယ်မြို့ကို မောင်းလာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်က ဝင်တိုက်ခဲ့တာကြောင့် ထော်လာဂျီယာဉ် လမ်းဘေးထိုးကျသွားတယ်လို့ သိရပါတယ်။

ဇမ္ဗူသီရီအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက “သတင်းရတာက မနက် ၆ နာရီ ၂၀ မိနစ်လောက်ပေါ့။ နှင်းတအားကျနေတဲ့အချိန် တယောက်နဲ့တယောက် သဲသဲကွဲကွဲ မမြင်ရဘူး။ ရန်ကုန်ကနေလာရင် လမ်းညာဘက် ယာဉ်ကြောတခြမ်းတည်း ရှေ့နောက် တိုက်မိပြီး ထိုးကျသွားတာ။ လူကတော့ ကျသွားတဲ့နေရာ အပေါ်ဘက်မှာ လဲကျတဲ့အနေအထားနဲ့ သေဆုံးနေ တယ်” လို့ ပြောပါတယ်။

သေဆုံးသူဟာ ရေဖြူမြို့နယ်၊ ဃ ရပ်ကွက် (ဆင်းသေရွာ)က အသက် ၅၀ အရွယ် ဦးစိုးဝင်းဖြစ်ပြီး ရုပ်အလောင်းကိုတော့ ဒီနေ့ မနက်မှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက နေအိမ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ဆေးရုံသယ်ဆောင်တာနဲ့ နေအိမ်ပြန်ပို့ဆောင်တာတွေကို ဇဟာရွာ ဇဟာအားမာန်အသင်းနဲ့ ထားဝယ်မြို့ ဇမ္ဗူသီရီအရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့တို့က ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ဇဟာရွာလမ်းပိုင်းဟာ ထားဝယ်မြို့အဝင်နားမှာရှိပြီး ရေး- ထားဝယ်အဝေးပြေးလမ်းပိုင်းလည်း ဖြစ်တာကြောင့် ယာဉ်မတော်တဆမှု မကြာခဏဖြစ်လေ့ရှိပါတယ်။

3 hours Ago

December 1, 2022

ထားဝယ်မြို့ ဇဟာရွာတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဇဟာရွာမှာ ခရီးသည်တင်ယာဉ်တစီး တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မော်လမြိုင်မြို့မှ ထားဝယ်မြို့ကိုလာတဲ့ ထွန်းရွှေမြင့်မိုရ်ယာဉ်လိုင်းမှ အန်စာတုံး အမျိုးအစား မော်တော်ယာဉ်တစီးဟာ နိုဝင်ဘာ ၃၀ ရက် ညနေ ၄ နာရီလောက် ဇဟာရွာအရောက်မှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။ 

“မိုးကလည်းရွာထားတော့ လမ်းချော်တဲ့ပုံစံမျိုးနဲ့ အရှိန်ထိန်းမနိုင်ဘဲ လမ်းဘေးထိုးကျသွားတာ။ အသက် ၅၀ အရွယ် အမျိုးသမီးတယောက်ကတော့ ကားနဲ့ပိသွားတာ မနည်းဆွဲထုတ်ရတယ်။ ကျန်တဲ့လူတွေက ကားမှောက်ပြီးတာနဲ့ အနီးအနားက အိမ်တွေက လာခေါ်ကြပြီး ပြုစုတာတွေ လုပ်ပေးနေတယ်၊ လူနာတင်ယာဉ်တွေရောက်တော့ ဆေးရုံကြီးကို ခေါ်သွားကြတယ်” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

ကားပေါ်မှာ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၆ ဦး စုစုပေါင်း ၇ ဦး လိုက်ပါလာပြီး ယာဉ်လိုင်းခရီးစဉ်မဟုတ်ဘဲ စင်းလုံးဖြတ်ငှားလာတာလို့ သိရပါတယ်။

ဒဏ်ရာရရှိတဲ့ အမျိုးသမီး ၄ ဦးကိုတော့ ထာဝယ်မြို့နယ်မီးသတ်၊ ကြက်ခြေနီနဲ့ ဇမ္ဗူသီရီအဖွဲ့က ပူးပေါင်းကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေးခဲ့ပြီး ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

အခုနှစ် စက်တင်ဘာလတုန်းကလည်း ဇဟာရွာ ထားဝယ်ဖားအောက်တောရ အဝင်လမ်းအနီးမှာ ခရီးသည်တင်မှန်လုံယာဉ်တစီး တိမ်းမှောက်သွားပြီး ယာဉ်နောက်လိုက်တဦး ဒဏ်ရာရခဲ့ပါသေးတယ်။

4 months Ago
Up