ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းနားက နယ်ခြားစောင့်တပ် BGF ရဲ့ စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၄ ရက် ဒီမနက် ၆ နာရီခွဲလောက်က ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဒေသခံတဦးက “ရဲစခန်းမျက်စောင်းထိုး BGF ဂိတ်နား ပေါက်ကွဲမှုဖြစ်ပါတယ်။ လောလော ဆယ်တော့ ထိခိုက်သေဆုံးတာတွေတော့ မကြားရသေးဘူး။ စစ်ကောင်စီတပ်တွေကတော့ လမ်း တွေ ပိတ်ထားလိုက်တယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှု ဘာကြောင့် ဖြစ်ရတာဆိုတာ လတ်တလော မသိရသေးပါဘူး။ အခုပေါက်ကွဲမှုဖြစ်တဲ့ နယ်ခြားစောင့်တပ် BGF စစ်ဆေးရေး ဂိတ်ဟာ ကုန်ကားတွေဆီက အခွန် ကောက်ခံပေးရပြီး လုံခြုံရေးတင်းကျပ်တဲ့ ဂိတ်တခုလည်း ဖြစ်ပါတယ်။
တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်မှာတော့ ထားဝယ်-ထီးခီး ကားလမ်းပိုင်းကနေ ပြန်ထွက်လာတဲ့ အင်အား ၁၀၀ နီးပါး လိုက်ပါလာတဲ့ စစ်ကောင်စီကား ၂ စီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီမှာကြားဖြတ်တိုက်ခဲ့ပါတယ်။
သင်္ကန်းတုံးရွာနဲ့ ဝကုန်းရွာအကြား ဒွေးညီနောင်နေရာမှာ ထားဝယ်အရှေ့တောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ထားဝယ်-ပကဖ)၊ နဘယံအဖွဲ့နဲ့ ကော်သူလေးArmy မဟာမိတ်ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၃ ရက်မှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့မဟာမိတ်တပ်တွေအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေကရှေ့ဆက်မသွားဘဲ ဝကုန်းရွာကိုပြန်လှည့်ကာ နေအိမ်တွေကို ဝင်ရောက်ဖောက်ထွင်းသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ထားဝယ်အရှေ့တောဒေသကို နိုဝင်ဘာလလယ် လောက်ကစဝင်ရောက်လာပြီး ဝင်လာစဉ်ကတည်းက ဝကုန်းရွာက နေအိမ်တွေကို ဝင်ရောက်နေထိုင်တာနဲ့ ပစ္စည်းကို ယူနေတာကြောင့် ဒေသခံရွာသားတွေက ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဲဒီစစ်ကြောင်းဟာ စဝင်လာတဲ့ နိုဝင်ဘာလ ၁၉ ရက်မှာလည်း မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က တဦးသေဆုံးခဲ့ပါတယ်။
အခုတိုက်ပွဲဖြစ်ခဲ့တဲ့ ဒွေးညီနောင်နေရာမှာ ပြီးခဲ့တဲ့အောက်တိုဘာလလကလည်း ထားဝယ်ကနေ မေတ္တာမြို့ကိုဝင်လာတဲ့ စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့တယ်လို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ့ရဲ့ တိုက်ပွဲမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းပိုင်းရှိ အမိုးခီးနော်သူးကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတယောက် အပါအဝင် ၁၂ ယောက် သေဆုံးပြီး တပ်သားအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၆ ရက် နေ့လယ် ၁၂ နာရီလောက်က ဗိုလ်ကော်လာ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် (KTLA) နဲ့ Nway Oo Guerrilla Force (နွေဦးပြောက်ကျား) မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ ခလရ ၂၆၅ စစ်ကောင်စီစစ်ကြောင်းတို့ ၂ နာရီလောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဆိုပါတိုက်ပွဲမှာ ၄၀ မမ ဗုံးပစ်လောင်ချာ အပါအဝင် ၄၀ မမ ဗုံးသီး ၁၁ လုံး၊ MA 3 ၄ လက်၊ ကျည်ဘောက် ၈ ခု၊ ပစ္စတို ၁ လက်၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ ရှေ့ထွက်(လိပ်ခုံး) မိုင်း ၁ လုံးနဲ့ ဆက်သွယ်ရေးစက် ၁ လုံး အပါအဝင် စက်အသုံးအဆောင်ပစ္စည်း တချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
KTLA နဲ့ LPDF ပူးပေါင်းအဖွဲ့ရဲဘော်တွေ ထိခိုက်ဒဏ်ရာ တစုံတရာမရှိဘဲ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုလ ၁ ရက်ကနေ ၃ ရက်နေ့အထိ ထားဝယ်-ထီးခီးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ကို သုံးရက်ဆက်တိုက် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။