ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမီးပွိုင့်မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ ဘန်ကာအနီး ဒီကနေ့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့မနက် ၁၁ နာရီကျော်က သမိုင်းလမ်းဆုံရှိ စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ ဘန်ကာအနီးမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ၃ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
“ဗုံးပေါက်တာက ၁၁ နာရီ ၁၅ မိနစ်လောက်က အုံးခနဲ အသံကြားလို့ ထွက်ကြည့်တော့ လူနာတင်ယာဥ်ကားတွေသွားတာ တွေ့တယ်။ လူနှစ်ယောက် ဒဏ်ရာရတယ်ပြောတယ်။ စစ်သားလား၊ အရပ်သားလား မသိဘူး၊ သွားလည်းကြည့်လို့မရဘူး။”
သမိုင်းလမ်းဆုံရှိ လုံခြုံရေးဘန်ကာကို အမည်မသိသူတယောက်က ဗုံးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ယောက် ဒဏ်ရာရတာ ဖြစ်နိုင်တယ်လို့ သမိုင်းလမ်းဆုံအနီးနေသူ တယောက်က ပြောပါတယ်။
“ဗုံးပေါက်သွားပြီး စစ်သားတွေ၊ ရဲတွေ ဝိုင်းအုံလာတာနဲ့ ဘယ်သူထိမှန်း မသိလိုက်ဘူး။ ကျနော့်အထင် ပြောရရင် စစ်သားတွေထိတာ ဖြစ်နိုင်တယ်။ အဲ့ဘန်ကာတဝိုက်က ရဲနဲ့စစ်သားပဲရှိတာ၊ သေချာတော့မသိဘူး၊ ဒဏ်ရာရတဲ့သူတော့ရှိတယ်။ လူနာတင်ယာဥ်တွေ လာပြီး သယ်သွားတာတွေ့တယ်။”
လတ်တလောမှာ သမိုင်းလမ်းဆုံနဲ့ ဘုရင့်နောင်လမ်းဆုံ မီးပွိုင့်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးမှုတချို့ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ ဗုံးပေါက်ကွဲခဲ့တဲ့ သမိုင်းလမ်းဆုံက လုံခြုံရေးဘန်ကာကို မေလ ၁၇ ရက်ကလည်း အမည်မသိ အမျိုးသားတွေက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၂၃ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၃၃ ကြိမ်ဖြစ်ခဲ့ပြီး ၇ ယောက် သေဆုံးကာ ၁၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
Photo :သမိုင်းလမ်းဆုံ ဘန်ကာအနီး ပစ်ခတ်မှု့ဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ လုံခြုံရေးယူထားစဥ် (ပုံဟောင်း)
မေ ၂၂ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၈၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၃၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ကြိမ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ၁ ကြိမ်စီ၊ မန္တလေးတိုင်းမှာ ၂ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၉ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် ဧပြီ ၂၅ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာ ဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။