close

ထိန်းချုပ်မည့်ဥပဒေ

close

May 30, 2022

ထိုင်းတွင် အန်ဂျီအိုများအပေါ် ထိန်းချုပ်မည့်ဥပဒေကို ကန့်ကွက်ဆန္ဒပြ

ထိုင်းနိုင်ငံမှာ အန်ဂျီအို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအပေါ်ထိန်းချုပ်မယ့် ဥပဒေမူကြမ်းကို အရပ်ဘက်အဖွဲ့အစည်းပေါင်း ၆၀ ကျော်မှ  လူပေါင်း ရာနဲ့ချီပြီး ဘန်ကောက်မြို့တော်မှာ မေ ၃၀ ရက်နေ့က  ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ ကိုယ်ကျိုးစီးပွါးကို ပဓာနမထားဘဲ အလှူရှင်တွေရဲ့ထောက်ပံ့ငွေတွေနဲ့ လှုပ်ရှားနေတဲ့  အန်ဂျီအိုတွေအနေနဲ့ အဖွဲ့ဆိုင်ရာအချက်အလက်တွေ၊ ငွေစာရင်းတွေကို အစိုးရထံမှာ ပွင့်လင်းမြင်သာတင်ပြရမယ့်အပြင် လူစုလူဝေးနဲ့ စီတန်းလှည့်လည်ဆန္ဒပြမှု ထိန်းချုပ်ဖို့တွေ ဥပဒေမူကြမ်းမှာ ပါရှိတယ်လို့ ဆိုပါတယ်။ 

ဒါဟာ အမျိုးသားလုံခြုံရေးအတွက် လုပ်ဆောင်ရတာလို့ အစိုးရဘက်က ပြောဆိုပေမယ့်လည်း အမျိုးသားလုံခြုံရေးထက် စစ်အာဏာရှင်ကအဖွဲ့အစည်းတွေအပေါ် ထိန်းချုပ်လိုခြင်းသာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ 

ဥပဒေမူကြမ်းအရ ဘဏ်စာရင်းဖွင့်သူအမည်ဖော်ပြဖို့ ပျက်ကွက်ပါက  ဒဏ်ငွေ ဘတ် ၅၀,၀၀၀၊ ရက်လွန်ကြေး ၁ နေ့ ဘတ် ၁၀၀၀၊ ခွင့်ပြုချက်မရတဲ့အလုပ်ကို ဆက်လုပ်ပါက ဒဏ်ငွေ ၅ သိန်း၊ ရက်လွန်ခ ၁ နေ့ ဘတ် ၁၀၀၀၀ သတ်မှတ်တာတွေဟာ အာဏာပိုင်တွေရဲ့ အကျိုးစီးပွါးအတွက် သတ်မှတ်တာလို့ ဆန္ဒပြတဲ့အဖွဲ့အစည်းတွေက  ဆိုပါတယ်။ 

စီတန်းလှည့်လည်ဆန္ဒပြရာမှာလည်း အကြောင်းအရာပေါ်လိုက်ပြီး ခွင့်ပြုပေးမယ်ဆိုတဲ့ အချက်က လည်း စစ်အာဏာရှင်ကိုထောက်ခံတဲ့ဆန္ဒပြပွဲဆိုရင် ခွင့်ပြုပြီး အစိုးရလုပ်ဆောင်ချက်တွေကို ကန့်ကွက်ဆန္ဒပြရင်တော့ ခွင့်မပြုဘဲ ဖမ်းဆီးမယ့် ခွဲခြားဆက်ဆံမှုရှိတဲ့ဥပဒေ၊ နိုင်ငံသားတိုင်းရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးကို ပိတ်ပင်တာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောပါတယ်။ 

ဆန့်ကျင်ကန့်ကွက်ရတဲ့ အကြောင်းအရင်း အချက်အလက်တွေကို ပြီးခဲ့တဲ့အပတ်က အစိုးရအိမ်တော်ထံစာပေးပို့ခဲ့ပေမယ့် အစိုးရဘက်က ဘာမှအကြောင်းပြန်ကြားတာမရလို့ ခုလို လူစုလူဝေးနဲ့ဆန္ဒပြရတာလို့ ဆိုပါတယ်။ 

ဆန္ဒပြသူတွေဟာ ဒီမနက် ၉ နာရီက ဘန်ကောက် ကမ္ဘာ့ကုလသမဂ္ဂရုံးမှာ သွားရောက်စာပေးပို့ ဆန္ဒပြပြီး ရာ့ချ်ဒမ်နိန်းလမ်းပေါ်ဆက်လက်စီတန်းလှည့်လည်ကာ အစိုးရအိမ်တော်ရှေ့မှာ ယာယီတဲ တွေထိုးပြီး တနေကုန်ထိုင်ဆန္ဒပြခဲ့ကြပါတယ်။ 

ဒီဆန္ဒပြပွဲကို NoNpoBill   “  ပြည်သူများလူစုလူဝေးပြုလုပ်မှုပျက်ပြားစေမယ့်ဥပဒေကို ဆန့်ကျင် ခြင်း” လို့အမည်ပေးထားပြီး လက်ရှိလွှတ်တော်ထဲရောက်နေတဲ့ နိုင်ငံရေးပါတီတွေအားလုံးလည်း ပြည်သူနဲ့ တသားတည်းပါဝင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

သူတို့တောင်းဆိုမှုကို Move Forward ပါတီ၊ Pheu Thai ပါတီနဲ့   Thai region created Thai ပါတီ ၃ ခုကတော့ ထောက်ခံကြောင်း ပါတီအမှုဆောင်တွေက လာရောက်အားပေးပြော ကြားခဲ့ပါတယ်။ 

ဒီကနေ့ ဆန္ဒပြရာမှာ အန်ဂျီအိုအဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂ၊ ဖောင်ဒေးရှင်းနဲ့ လူမှုအခြေပြုအဖွဲ့ အစည်းပေါင်း ၆၇ ဖွဲ့ပါဝင်ပြီး ည ၇ နာရီလောက်မှာ လူစုခွဲခဲ့ကြပါတယ်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အစိုးရအိမ်တော်နား ကပ်မလာအောင် ပိတ်ဆို့ဟန့်တားတာကလွဲလို့ ထိပ်တိုက်တွေ့တာ ဖမ်းဆီးခံရတာတွေတော့ မရှိပါဘူးဘူး။ ဆန္ဒပြသူတွေဟာ နောက်နေ့ တွေမှာလည်း အခုလိုလာရောက်ပြီးကန့်ကွက်ဆန္ဒပြမယ်လို့  ပြောသွားပါတယ်။ 

ကိုးကား - PBS / The reporters / Workpoint news

9 hours Ago

October 21, 2019

စာနယ်ဇင်းလွတ်လပ်ခွင့် ထိန်းချုပ်မည့်ဥပဒေ သြစတြေးလျသတင်းစာများ သပိတ်မှောက်

သြစတြေးလျနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်မယ့် ဥပဒေနဲ့ ပတ်သက်လို့ နိုင်ငံ့အထင်ကရ သတင်းစာတွေဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ တညီတညွတ်တည်း သပိတ်မှောက်ခဲ့ကြပါတယ်။ သူတို့ဟာ သတင်းစာ ရှေ့မျက်နှာဖုံးမှာ တမျက်နှာလုံးနီးပါးကို မင်အမည်းတွေနဲ့ ဆင်ဆာဖြတ်ထားတဲ့ ပုံစံဖော်ပြပြီး သပိတ်မှောက်ခဲ့ကြတာပါ။ သြစတြေးလျနိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ဘေးကင်းလုံခြုံတဲ့ဥပဒေ မရှိပါဘူး။ အစိုးရဟာ ၂၀၁၈ သူလျှိုတိုက်ဖျက်ရေး ဥပဒေကို ထပ်အားဖြည့်တဲ့အနေနဲ့ လျှို့ဝှက်သတင်းပေးသူတွေကို အကာအကွယ်ပေးဖို့ အချက်တခုကို ထပ်ဖြည့်ခဲ့ပါတယ်။ ဒါပေမဲ့ သတင်းစာ လွတ်လပ်ခွင့်ကတော့ ကန့်သတ်ခံထားရဆဲပဲလို့ မီဒီယာအဖွဲ့အစည်းတွေက ပြောပါတယ်။ အခုလို မီဒီယာတွေ သပိတ်မှောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ထိရှလွယ်တဲ့ သတင်းအချက်အလက်တွေကို ရယူခွင့် ကန့်သတ်တဲ့ ဥပဒေထဲမှာ သတင်းစာသမားတွေကို ခြွင်းချက်ပေးရေး၊ သင့်လျော်တဲ့ သတင်းအချက်အလက် လွတ်လပ်ခွင့်စနစ် ချမှတ်ပေးရေးနဲ့ အသရေဖျက် တရားစွဲဆိုမှုဆိုင်ရာ စံသတ်မှတ်ချက်တွေကို တိုးမြှင့်ပေးရေး အစိုးရကို ဖိအားပေးဖို့ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အဲဒီသပိတ်ဟာ သြစတြေးလျ ပြိုင်ဘက် သတင်းစာတိုက်တွေအကြား စည်းလုံးမှုကို ရှားရှားပါးပါး ပြသလိုက်တာလည်း ဖြစ်ပါတယ်။
3 years Ago
Up