close

ထိန်းချုပ်

close

May 9, 2023

စစ်တပ်ကို အပြည့်အဝ ထိန်းချုပ်ထားဟု ဆူဒန်အထူးသံတမန်ပြော

ဆူဒန်စစ်တပ်ကို အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ ဆူဒန်အထူးသံတမန် ဒါဖယ်လာ အယ်လ် ဟာ့ဂျ်က မေ ၈ ရက်မှာ တောင်ဆူဒန်သမ္မတ ဆယ်လ်ဗာ ကီအာရ်နဲ့ တွေ့ဆုံပြီးပြီးချင်း တောင်ဆူဒန်နိုင်ငံ မြို့တော် ဂျူဘာမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

“အရန်တပ်ဖွဲ့ (RSF) ရဲ့ အစိတ်အပိုင်းတွေဟာ အရပ်သားရပ်ကွက်တွေထဲမှာ စိမ့်ဝင်နေကာ သူတို့ဟာ အခု ဆေးရုံတွေမှာ နေရာယူထားပြီး သိမ်းပိုက်ဖို့ စဉ်းစားနေတာ ဒါမှမဟုတ် တကယ်ကို သိမ်းပိုက်နေတာတွေ လုပ်ဆောင်နေပြီ” လို့ သူကဆိုပါတယ်။

ဒါကြောင့် စစ်တပ်ဟာ အရပ်သားတွေရဲ့ လုံခြုံရေးကြောင့် ပြင်းပြင်းထန်ထန် လုပ်လို့မရဘူး လို့လည်း သူက ဆိုပါတယ်။

“ဒီစစ်ပွဲကို စတင်ခဲ့တာ အစိုးရမဟုတ်ကြောင်း၊ အစိုးရက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ စတင်တုံ့ပြန်ခဲ့ပြီး အရပ်သားတွေရဲ့ အခြေအနေကို စိုးရိမ်ကြောင်းနဲ့ သူတို့ရဲ့ အကာအကွယ်နဲ့ သူတို့ရဲ့လုံခြုံရေးကို အလေးထားကြောင်း၊ လူတိုင်းကို အာမခံချင်ကြောင်း၊ ဒါကြောင့် စစ်တပ်က ဒီပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ပြင်းထန်တဲ့အစီအမံတွေ မချမှတ်ခဲ့ကြောင်း” အထူးသံတမန်က ပြောပါတယ်။

သမ္မတ ကီအာရ်နဲ့ အထူးသံတမန်တို့ရဲ့ ဆွေးနွေးမှုဟာ ရေရှည်တည်တံ့တဲ့ အပစ်အခတ် ရပ်စဲရေးကို ဖော်ဆောင်ဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေကို ဘေးကင်းကင်း ဖြတ်သန်းနိုင်ရေးနဲ့ ထွက်ပြေးကြရတဲ့ အရပ်သားတွေအတွက် လွတ်မြောက်မယ့် စင်္ကြံလမ်းကို ပံ့ပိုးပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

တောင်ဆူဒန် နိုင်ငံခြားရေးဝန်ကြီး ဒန်းင် ဒေါင် မာလက်ခ် ကတော့ ဆူဒန်မှာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကိုပဲ စိတ်ဝင်စားပြီး ဆူဒန်မှာ ငြိမ်းချမ်းရေးရှိရင် တောင်ဆူဒန်မှာလည်း ငြိမ်းချမ်းရေးရှိတယ်လို့ ဆိုပါတယ်။

ဆော်ဒီပင်လယ်နီမြို့တော် ဂျဒ်ဒါမှာ ဆူဒန်စစ်တပ်နဲ့ ပြိုင်ဘက် အရန်တပ်ဖွဲ့ (RSF) တို့ အကြား မေ ၆ ရက်မှာ စတင်ခဲ့တဲ့ ဆွေးနွေးပွဲ တိုးတက်မှု အခြေအနေအပေါ် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

တိုက်ပွဲဝင်နေသူတွေကတော့ သူတို့ဟာ အပစ်အခတ်ရပ်စဲရေးနဲ့ ဘေးကင်းကင်း ဖြတ်သန်းသွားလာရေးလိုမျိုး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စတွေကိုသာ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းသွားမယ်လို့ ပြောထားပါတယ်။

ဧပြီ ၁၅ ရက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကတည်းက အပစ်အခတ်ရပ်စဲရေး အများအပြားကို ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။

13 mins Ago

April 26, 2022

ပိုင်နက် နယ်မြေအားလုံးနီးပါး ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ကေအန်ယူပြော

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  ပိုက်နက် နယ်မြေအားလုံးနီးပါးကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့  ကေအန်ယူတာဝန်ရှိသူတွေက ဧပြီ ၂၆ ရက်မှာ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကေအန်ယူ  တပ်မဟာ ၁ ၊ ၂ ၊ ၅၊ ၆ ထိန်းချုပ်နယ်မြေတွေအတွင်းကနေ စစ်ကောင်စီတပ်စခန်းတွေ သတ်မှတ်ရက်အတွင်း အပြီးထွက်ခွာဖို့အသိပေးပြီးနောက် တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေသလို ကေအန်ယူအနေနဲ့ နယ်မြေတွေ အတော်များများကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက”တချို့စခန်းတွေကတော့ သူတို့အတိုင်းအတာတစ်ခုအထိ ဆုတ်ခွာပေးတာတွေရှိတယ်။ တချို့စခန်းတွေက အထက်အမိန့်ကို မလွန်ဆန်နိုင်လို့ ဒီအပေါ်မှာ ဆက်ပြီးခုခံတုံ့ပြန်တာတွေရှိတယ်။ နယ်မြေ ၉၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ပြီ”လို့ ပြောပါတယ်။

ကေအန်ယူအနေနဲ့ စစ်ဗျူဟာအခင်အကျင်း ပြောင်းလဲကျင့်သုံးရာမှာ စစ်မတိုက်ခင် စစ်ကြေညာပြီးမှ စစ်တိုက်တဲ့သဘောလုပ်ဆောင်လာခဲ့သလို စစ်တပ်ဘက်က ဆုတ်ခွာသွား မယ်ဆိုရင် အထိအခိုက်အနည်းဆုံးနဲ့ အကျအဆုံးမရှိနိုင်ဘူးလို့ တပ်မဟာ ၅ တာဝန်ရှိသူက ဆိုပါတယ်။

ကေအန်ယူ တပ်မဟာ ၁ နယ်မြေအတွင်းက တပ်စခန်းတွေဖြစ်တဲ့ လေးကေ၊ ဝန်တာပန်တပ်စခန်း တွေ သတ်မှတ်ရက်အတွင်း ထွက်ခွာမပေးတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ တွေ ပိုမိုပြင်းထန်နေပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၁ သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က “လက်ရှိအခြေအနေမှာ သူတို့တပ်အင်အားထပ်ပြီး မဖြည့်တင်းနိုင်ဘူးဆိုတော့ လက်ရှိစခန်းထိုင်နေတဲ့ တပ်အင်အားနဲ့ စခန်းအလဲအလှယ်လည်းမရှိဘူးဆိုတော့ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ဆောင်နိုင်တော့ဘူး”လို့ ဆိုပါတယ်။

သထုံခရိုင်တပ်မဟာ ၁ နယ်မြေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်း ကနေ လက်နက်ကြီး ၂ လက်ကို စစ်ကောင်စီတပ်စခန်းတွေအတွက် ပို့ဆောင်ပေးခဲ့တယ်လို့ လည်း သိရပါတယ်။

ကေအန်ယူ တပ်မဟာ ၁၊ ၂၊ ၅ နဲ့ ၆ နယ်မြေတွေမှာ တပ်စခန်းတွေ ထွက်ခွာသွားဖို့ အသိပေးပြီး နောက်ပိုင်း တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒေသခံတွေရဲ့ ကျေးရွာတွေအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ သိန်းကျော်ဟာ နီးစပ်ရာဆွေမျိုးတွေရှိရာ ကျေးရွာတွေနဲ့  တောတောင်တွေအပြင် မြန်မာ-ထိုင်း နယ်စပ်တလျှောက်မှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအများဆုံးပါဝင်ပြီး တောတောင်တွေအတွင်း မသန့်ရှင်းတဲ့ရေတွေကို သောက်သုံး နေရတာတွေကြောင့် ငှက်ဖျား၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးရောဂါတွေ အပြင်းအထန်ခံစားနေရသလို နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့  စစ်ရှောင်အရေးကူညီပေးနေသူတွေက ဆိုပါတယ်။

1 year Ago
Up