၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ပင်လယ်အပန်းဖြေစခန်းရှိရာ လာဘူအန်ဘာဂျိုမြို့မှာ မေလ ၁၀ ရက် ဒီကနေ့မနက် ကျင်းပရာမှာ အာဆီယံဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေ ပါဝင်တက်ရောက်နေကြပေမဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ဖိတ်ကြားမခံရတဲ့အတွက် တက်ရောက်ခွင့်မရပါဘူး။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံအဖွဲ့ဝင်တွေအကြား စည်းလုံးညီညွတ်မှုရှိတယ်ဆိုရင် ဒေသတွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ အဓိကကျတဲ့သူ ဖြစ်လာနိုင်တယ်လို့ ယုံကြည်ပြီး အာဆီယံဟာ စည်းလုံးညီညွတ်ဖို့ လိုအပ်တယ်လို့ ထိပ်သီးအစည်းအဝေးမှာ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
အခုချိန်ဟာ ကမ္ဘာ့စီးပွားရေး အခြေအနေက အပြည့်အဝ နာလန်ပြန်မထူသေးကြောင်းနဲ့ ပြိုင်ဆိုင်မှုတွေက ပိုပြင်းထန်လာတယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။
“ကမ္ဘာကြီးရဲ့ ပြောင်းလဲတိုးတက်မှုက ခန့်မှန်းလို့မရနိုင်တဲ့ အခြေအနေဖြစ်လာပြီး အာဆီယံဟာ ဘေးကကြည့်နေသူ သက်သက်လား၊ အာဆီယံဟာ နှုတ်ပိတ် ငြိမ်ဆိတ်နေမှာလား၊ ဒါမှမဟုတ် အာဆီယံဟာ ငြိမ်းချမ်းရေး ဒါမှမဟုတ် တိုးတက်မှုရဲ့ မောင်းနှင်အား ဖြစ်လာနိုင်ပါ့မလားလို့ မေးခွန်းရှိနေတယ်။ စည်းလုံးညီညွတ်မှုဆိုတဲ့ အဓိကအချက်တချက်ရှိမှ အာဆီယံက လုပ်နိုင်မယ်လို့ အားလုံးက ယုံကြည်ကြပြီးတော့ စည်းလုံးညီညွတ်မှုနဲ့အတူ အာဆီယံဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နိုင်လိမ့်မယ်” လို့လည်း ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။
လာမယ့် ၂ ရက်အတွင်း အစုအဖွဲ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်လို့လည်း ဆွေးနွေးမယ်လို့ မျှော်မှန်းထားပြီး ရန်လိုမှုတွေ အဆုံးသတ်ရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်ပတ်သက်နေတဲ့ ၂၀၂၁ ခုနှစ်နှောင်းပိုင်းက သဘောတူထားတဲ့ “ငြိမ်းချမ်းရေးသဘောဆန္ဒ ၅ ရပ်” ကို အကောင်အထည်ဖော်ဖို့ စစ်အာဏာရှင်အုပ်စုကို တွန်းအားပေးဖို့လည်း မျှော်လင့်ထားပါတယ်။
တိုးတက်မှု မရပြီးမချင်း မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့် မပြုဖို့ အာဆီယံက တားမြစ်ထားပါတယ်။
အခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စတင်နိုင်ဖို့ အာဏာသိမ်းစစ်တပ်အပြင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တိတ်တဆိတ် လက်တွဲဆောင်ရွက်နေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်မှာ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ (AHA) နဲ့ အာဆီယံ သံတမန်တချို့ လိုက်ပါလာတဲ့ယာဉ်တန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ရှုတ်ချကြောင်းနဲ့ ဒီတိုက်ခိုက်မှုအတွက် ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့ အာဆီယံခေါင်းဆောင်တွေက မေလ ၁၀ ရက် ဒီကနေ့ ကြေညာပါတယ်။
အာဖရိကနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ထိပ်သီးအစည်းအဝေးတက်ဖို့ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမြို့ အပြင်ဘက်က အင်ဒရူးပူးတွဲအခြေစိုက်တပ်စခန်းကို ဒီဇင်ဘာ ၁၂ ရက်က ရောက်လာကြ ပါတယ်။
မကြာခင် ကျင်းပမယ့် အာဖရိကခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပွဲမှာ G20 အမြဲတမ်း အဖွဲ့ဝင်နိုင်ငံအဖြစ် အာဖရိကသမဂ္ဂရဲ့ ဝင်ခွင့် လျှောက်ထားမှုကို အမေရိကန်နိုင်ငံအနေနဲ့ အကူအညီပေးဖို့ သမ္မတဂျိုးဘိုင်ဒင်ရဲ့ ကြေညာချက်ကို မျှော်လင့်နေကြပါတယ်။
ဘိုင်ဒင်က ဒီထိပ်သီးအစည်းအဝေးပွဲမှာ အာဖရိကနိုင်ငံတွေက သမ္မတတွေနဲ့ တွေ့ဆုံပြီး ဒီကိစ္စကို ကြေညာသွားဖို့ ရှိတယ်လို့ အိမ်ဖြူတော်အကြံပေး ဂျတ်ဒီဗာမုန့်က ဒီဇင်ဘာလ ၉ ရက်မှာ ပြောခဲ့တာပါ။
လက်ရှိ အာဖရိကသမဂ္ဂဥက္ကဋ္ဌဖြစ်တဲ့ ဆီနီဂေါသမ္မတ မက်ကီဆောနဲ့ တောင်အာဖရိက သမ္မတ စီရယ် ရာမာဖိုဆာတို့က အမေရိကန်ကို အကူအညီပေးဖို့ တောင်းဆိုခဲ့ပြီးနောက် အခုလို တွေ့ဆုံဖို့ ဖြစ်လာခဲ့တာပါ။
အာဖရိကသမဂ္ဂကို အဖွဲ့ဝင်နိုင်ငံပေါင်း ၅၅ နိုင်ငံနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တောင်အာဖရိက နိုင်ငံဟာ အာဖရိကတိုက်ရဲ့ တခုတည်းသော G20 အဖွဲ့ဝင်နိုင်ငံပါ။
ပြီးခဲ့တဲ့သြဂုတ်လမှာ အမေရိကန်က အာဖရိကဆာဟာရဒေသ လက်အောက်မှာရှိတဲ့ နိုင်ငံတွေ အတွက် မဟာဗျုဟာမြောက် စာတမ်းသစ်ကို ထုတ်ပြန်ခဲ့ပြီး ဒီဒေသရဲ့ အရေးပါမှု၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့သွားမယ့်အစီအစဉ်၊ တရုတ်နှင့်ရုရှားနိုင်ငံတို့က ခြိမ်းခြောက်မှုတွေနဲ့ ပက်သက်လို့ အလေးထားဖော်ပြခဲ့ပါတယ်။
အာဖရိကတိုက်ဟာ ကားလမ်း၊ ရထားလမ်း၊ ဆည်တွေနဲ့ လျှပ်စစ်ဓာတ်အားတို့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ လိုအပ်နေခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံကနေ ငွေပမာဏများစွာ လက်ခံရရှိခဲ့ပါတယ်။
အမေရိကန်အစိုးရကတော့ တရုတ်နိုင်ငံရဲ့ ချေးငွေထုတ်ချေးမှုကို အမြတ်ကြီးစားပြီး အလားအလာ ရှိတဲ့ ကြွေးမှီထောင်ချောက်ဆီ ဦးတည်နေတယ်လို့ ပုံဖော်ခဲ့တာပါ။
ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုတွေ လွယ်ကူချောမှုအောင် ဆောင်ရွက်ဖို့ အာရုံစိုက် ထားတယ်လို့ အမေရိကန်က ဆိုပါတယ်။
အာဖရိကတာဝန်ရှိသူတွေကတော့ အမေရိကန်ရဲ့ အကူအညီပေးမှုကို ပိုမိုအရှိန်မြှင့်တင်ဖို့ လိုအပ်တယ်လို့ တုံ့ပြန်ပါတယ်။
ဘိုင်ဒင်အစိုးရဟာ အာဖရိကဒေသကို အာရုံစိုက်မှု မရှိဘူး ဆိုပြီး အမေရိကန်နိုင်ငံခြားရေး မူဝါဒအပေါ်မှာ စောဒကတက် ဝေဖန်နေကြတာပါ။
ဒါပေမဲ့ တရုတ်နိုင်ငံက အာဖရိကတိုက်မှာ နိုင်ငံရေးအရရော စီးပွားရေးအရပါ အကူအညီပေးပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာချိန်မှာတော့ အမေရိကန်ဘက်က အသံကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။