close

ထိုင်ဝမ်စစ်တပ်

close

May 11, 2023

ထိုင်ဝမ်စစ်တပ် အရန်တပ်ဖွဲ့တွင် အမျိုးသမီးများ ပိုမိုပါဝင်လာရန် သမ္မတ ဆိုင်အင်းဝမ် မျှော်လင့်

ထိုင်ဝမ်သမ္မတနိုင်ငံရဲ့ စစ်တပ်အရန်တပ်ဖွဲ့တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ မျှော်လင့်ကြောင်း သမ္မတ ဆိုင်အင်းဝမ်က မေ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

သမ္မတ ဆိုင်ဟာ မေ ၁၁ ရက်က နိုင်ငံရဲ့ အနောက်မြောက်ပိုင်းရှိ တောက်ယွမ်မြို့က အရန်တပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးစခန်းကို သွားရောက်ခဲ့ပြီး အဲဒီမှာ အမျိုးသမီး အရန်တပ်ဖွဲ့ရဲ့ ပထမအသုတ် သီးသန့်သင်တန်းကို ပထမဦးဆုံးအကြိမ်အဖြစ် ဆန္ဒအလျောက် တက်ရောက်ခွင့် ပြုခဲ့ပါတယ်။

“ထိုင်ဝမ်ဟာ ဒီမိုကရေစီကိုကာကွယ်ဖို့ ရှေ့တန်းမှာ ရှိနေပြီးတော့ စည်းလုံးညီညွတ်ရမှာ ဖြစ်ပြီး ကျား မ မခွဲခြား၊ အားလုံးပါဝင်မှုနဲ့အတူ တိုင်းပြည်ကို ကာကွယ်ဖို့ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ သန္နိဋ္ဌာန်ကို ကမ္ဘာကို သိမြင်ပါစေကြောင်း” လည်း သမ္မတ ဆိုင် က ပြောပါတယ်။

ထိုင်ဝမ်အစိုးရဟာ ဖြစ်နိုင်ချေရှိတဲ့ စစ်ပွဲအခြေအနေတွေကို ပိုပြီး လက်တွေ့ကျကျ ထင်ဟပ်စေဖို့ သူ့ရဲ့အင်အားကို တိုးမြှင့်ပြီး လေ့ကျင့်ခန်းတွေကို လိုက်လျောညီထွေဖြစ်အောင် သူ့ရဲ့ အရန်တပ်ဖွဲ့တွေ လေ့ကျင့်ရေးကို ပြုပြင်ပြောင်းလဲနေပါတယ်။

ဒီအရန်တပ်လေ့ကျင့်မှုကို စစ်သည်အစစ်တွေ၊ လက်နက်အစစ်တွေနဲ့ လုပ်ဆောင်နေတာကြောင့် လူတိုင်းဟာ ခံစစ်တိုက်ပွဲအတွင်း အခြေအနေ အမျိုးမျိုးအတွက် တပ်ဖြန့်ထားနိုင်ပါတယ်လို့ သမ္မတ ဆိုင် က ပြောပါတယ်။

သူ့ရဲ့မူကလည်း ဒေသန္တရတပ်ဖွဲ့တွေကို စုစည်းထားပြီးတော့ ပြည်တွင်းမှာ တိုက်ပွဲဝင်ဖို့ဖြစ်ပြီး အရန်တပ်ဖွဲ့လေ့ကျင့်ရေးမှာ ပါဝင်သူတိုင်း ကိုယ့်နေအိမ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိသွားမယ်လို့လည်း ဆိုပါတယ်။

“ဒီလေ့ကျင့်ရေးမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး အရန်ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေကို ဆက်စပ်အစီအစဉ်တွေအတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကာကွယ်ရေးဝန်ကြီးဌာန ကိုလည်း တောင်းဆိုချင်ပါတယ်” လို့လည်း ထိုင်ဝမ်သမ္မတ ဆိုင် က ပြောသွားပါတယ်။

10 mins Ago

September 7, 2022

ထိုင်ဝမ်စစ်တပ်က တင့်ကားအ‌မြောက်များဖြင့် ပစ်ခတ်စစ်ရေးလေ့ကျင့်

ထိုင်ဝမ်စစ်တပ်ဟာ စက်တင်ဘာ ၆ ရက်က   တင့်ကားအ‌မြောက်တွေနဲ့  ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

ထိုင်ဝမ်တောင်ပိုင်းအစွန်ဆုံး ပင်တန်မြို့နယ်က အခြေစိုက်စခန်းတခုရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ ပစ်မှတ်တွေကို လုံးဝနီးပါး အမှောင်ထဲမှာ တင့်ကားတွေ အမြောက်တွေနဲ့ ပစ်ခတ်နေခဲ့တာပါ။

အပါချေ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ ချင်းကော် ဒေသခံ ကာကွယ်ရေး တိုက်လေယာဉ်တွေ၊ အမြောက်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေလည်း ပင်တန်က စစ်ရေးလေ့ကျင့်ရာမှာပါမယ်လို့ မျှော်လင့်ထားပါတယ်။

နှစ်စဉ်လုပ်နေကျ ပုံမှန်စစ်ရေးလေ့ကျင့်ခန်းရဲ့ တစိတ်တပိုင်းဖြစ်ပေမဲ့ အခုနှစ်မှာ ထိုင်ဝမ်ဟာ အိမ်နီးချင်း တရုတ်နိုင်ငံဆီက ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုအပေါ် အာရုံစိုက်ခဲ့တာပါ။

စစ်ကိုမရှာဘဲ စစ်ပွဲအတွက် ပြင်ဆင်တဲ့ စိတ်ဓာတ်နဲ့ လေ့ကျင့်ခန်းတွေကို ဆက်လုပ်သွားမယ်လို့ လေ့ကျင့်ခန်းကို ဦးဆောင်နေတဲ့ တပ်ရင်းမှူး ဟွမ်ကျင်းဖန်က ပြောပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က “ထိုင်ဝမ်စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ အခုအခါ ပိုရင့်ကျက်လာပြီး မကြာသေးမီက စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်တပ်ဖွဲ့ဝင်တွေကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရလို့ တိုက်ပွဲတွေကို ပိုကောင်းကောင်း တိုက်ခိုက်နိုင်လာပြီ” လို့ အင်္ဂါနေ့အစောပိုင်းက ပြောခဲ့ပါတယ်။

ထိုင်ဝမ် လက်နက်ကိုင်တပ်ဖွဲ့တွေကို လက်နက်တွေ ကောင်းကောင်းတပ်ဆင်ထားပေမဲ့ တရုတ်ထက်တော့ အင်အားနည်းနေတာပါ။ သမ္မတကိုယ်တိုင် ခေတ်မီရေးအစီအစဉ်ကို ကြီးကြပ်နေပြီး ကာကွယ်ရေးအသုံးစရိတ်ကို ဦးစားပေးအဖြစ် တိုးမြှင့်ခဲ့ပါတယ်။

“မင်းနဲ့ငါ အတူလက်တွဲပြီး တိုင်းပြည်ကိုကာကွယ်မယ်” ဆိုတဲ့ ဆောင်ပုဒ်ကို အခုနှစ် အောက်တိုဘာ ၁၀ ရက် အမျိုးသားနေ့အတွက် ဆောင်ပုဒ်အဖြစ် သတ်မှတ်လိုက်ကြောင်း ပွဲစီစဉ်သူတွေက ပြောပါတယ်။

သမ္မတက အဲဒီနေ့ စစ်ရေးပြအခမ်းအနားကို ကြီးကြပ်ပြီး အဓိက မှတ်စု မိန့်ခွန်း ပြောမှာပါ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ဘယ်တုန်းကမှ မအုပ်ချုပ်ခဲ့လို့ ထိုင်ဝမ်ပြည်သူတွေကသာ သတ်မှတ်နိုင်တဲ့ ထိုင်ဝမ်ရဲ့ အနာဂတ်ကို တောင်းဆိုပိုင်ခွင့် ဒါမှမဟုတ် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလို့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရက ပြောခဲ့ပါတယ်။

8 months Ago
Up