အမေရိကန်အစိုးရဟာ ဒေသတွင်းက ထိုင်ဝမ်နဲ့ မဟာမိတ်တွေကို ပေးထားတဲ့ ကတိနောက်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထိုင်ဝမ်ကို လွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့က မတ်လ ၂ ရက်မှာ ပြောပါတယ်။
ဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ ကာကွယ်ရေးနဲ့ လုံခြုံရေး အကြီးတန်းအရာရှိဟောင်းတွေပါပြီး ယူကရိန်းအရေး အကျပ်အတည်းကာလမှာ ထိုင်ဝမ်ကို အလည်အပတ်ခရီးစဉ်ဟာ ထိုင်ဝမ်နဲ့ အမေရိကန်ကြား ကျောက်သားလို ခိုင်မြဲတဲ့ ဆက်ဆံရေးဆိုတာ သရုပ်ပြနေတယ်။ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးမှာ ထိုင်ဝမ်ရဲ့ အခန်းကဏ္ဍကို ထင်ရှားစေတယ်လို့ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က ပြောပါတယ်။
အမေရိကန်နဲ့ ထိုင်ဝမ်ကြား ပူးပေါင်းဆောင်ရွက်ခြင်းဟာ အရင်ကထက် ပိုကျယ်ပြန့် အားကောင်းလာနေတယ်လို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ မိုက်ခ်မူလန်က ထိုင်ဝမ် သမ္မတကို သူ့ခရီးစဉ်အတွင်းမှာ ပြောလိုက်ပါတယ်။
တရုတ်က သူ့ပိုင်နက်အဖြစ် အခိုင်အမာ ကြေညာထားတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်အစိုးရက အခွင့်ကောင်းယူ အသုံးချဖို့ ကြိုးစားမှာ စိုးရိမ်လို့ လိုလိုမယ်မယ် တပ်လှန့်ထားပါတယ်။ ဒါပေမဲ့ တရုတ်လှုပ်ရှားမှု ပုံမမှန်တာမျိုး မရှိဘူးလို့ ထိုင်ဝမ်အစိုးရက အစီရင်ခံထားပါတယ်။
တရုတ်အစိုးရက ထိုင်ဝမ်ကို သူ့ထိန်းချုပ်မှုအောက် ပြန်ရောက်အောင် အင်အားသုံးဖို့လိုအပ်ရင် သုံးမယ်လို့ ကတိပြုထားပါတယ်။
တရုတ်ရဲ့ အချုပ်အခြာဩဇာကို လက်ခံအောင် ဖိအားပေး ကြိုးစားတဲ့အနေနဲ့ နိုင်ငံရေးနဲ့ စစ်ရေး ဖိအားတွေလည်း ပိုတိုးပေးနေပေမယ့် ထိုင်ဝမ်ကတော့ တိုက်ခိုက်လာရင် ကာကွယ်မယ်လို့ ကတိပြုထားပါတယ်။