တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံကြီးတစ်ခုအနေနဲ့ "တာဝန်မဲ့တဲ့" လုပ်ရပ်ဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကအပြင်းအထန် ဝေဖန်လိုက်ပြီး ထိုင်ဝမ်အပါအဝင် ဒေသတွင်းမှာပါ မတည်မငြိမ် ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။
ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ပေကျင်းက အဆုံးသတ်ခဲ့ပြီးနောက် ဧပြီ ၁၁ ရက်မှာ ထိုင်ဝမ်သမ္မတက ဗီဒီယိုမိန့်ခွန်းတစ်ခုအတွင်း အခုလို မှတ်ချက်ပေးပြောကြားခဲ့တာပါ။
“ကမ္ဘာကြီးရဲ့ ထိုင်ဝမ်သမ္မတတစ်ယောက်အနေနဲ့ မိမိနိုင်ငံအပေါ် ကိုယ်စားပြုပါတယ်၊ တရုတ်နိုင်ငံဟာ စစ်ရေးလေ့ကျင့်မှုကို အသုံးချပြီး ထိုင်ဝမ်နဲ့ ဒေသတွင်းကိုပါ မတည်မငြိမ် ဖြစ် စေခဲ့ပါတယ်၊ ဒါဟာ ဒေသတွင်းမှာ အရေးပါတဲ့ နိုင်ငံကြီးတစ်ခုအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သဘောထားတော့ မဟုတ်ဘူး” လို့ သမ္မတ ဆိုင်က ပြောဆိုခဲ့တာပါ။
ထိုင်ဝမ်သမ္မတက အမေရိကန်နိုင်ငံမှာ ခရီးရပ်နားခဲ့တာ အပါအဝင် သူရဲ့ နိုင်ငံရပ်ခြားခရီးစဉ်တွေဟာ အသစ်အဆန်း မဟုတ်သလို ထိုင်ဝမ်ပြည်သူတွေ မျှော်လင့်ထားတဲ့ အရာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ အောက်လွှတ်တော်ဥက္ကဋ္ဌ ကက်ဗင်မက်ကာသီနဲ့ ဆိုင်က တွေ့ဆုံခဲ့တာဖြစ်ပြီး တိုင်ပေမြို့ကို ပြန်ရောက်လာချိန်မှာ တရုတ်နိုင်ငံကလည်း စစ်ရေးအင်အားပြပွဲကို ဧပြီလ ၈ ရက်မှာ စတင်ခဲ့ပါတယ်။
မက်ကာသီနဲ့တွေ့ဆုံမှုကို ခွင့်ပြုတာမျိုးမလုပ်ဖို့ အမေရိကန်အပေါ် တရုတ်ဘက်က သတိပေးခဲ့သလို ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကိုလည်း တရုတ်ပြည်မကြီးအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ သိမ်းသွင်းနိုင်ဖို့ အင်အားသုံးမယ့် နည်းလမ်းကို ဘယ်တုန်းကမှ မငြင်းဆန်ခဲ့ပါဘူး။
ထိုင်ဝမ်အစိုးရကတော့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ စစ်ရေးလေ့ကျင့်မှုအပေါ်မှာ အကြိမ်ကြိမ် ပြစ်တင်ရှုံ့ချခဲ့ပါတယ်။
ဧပြီ ၁၆ ရက်မှ ၁၈ ရက်အထိ ထိုင်ဝမ် ကျွန်းနားမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က လေကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ဂျပန်နိုင်ငံဆီ အကြောင်းကြားခဲ့တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းဝန် ဟိရိုခါ့ဇု မတ်စုနိုက ဧပြီ ၁၂ ရက်မှာ ပြောပါတယ်။
မပျံသန်းရဇုန်ဟာ ဂျပန်နိုင်ငံ ရေပိုင်နက်ရဲ့ အပြင်ဘက်မှာရှိတယ်လို့ မတ်စုနိုက ပြောပါတယ်။ ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေအကြားမှာ ဒီမိုကရေစီနည်းကျ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းမြောက်ဘက် လေပိုင်နက်ကို ပိတ်ဖို့ တရုတ်ပြည်မကြီး အစိုးရရဲ့ အစီအစဥ်ဟာ ဒေသတွင်း လေကြောင်းခရီးစဉ်တွေကို အနှောင့်အယှက်ဖြစ်စေ နိုင်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။
မပျံသန်းရ ဇုန်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အခြေအနေတွေကို သတိမထားမိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ဒီနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ထပ်တိုးအားဖြည့်ဖို့ မျှော်လင့်ထားတယ်၊ ထိုင်ဝမ်ပြည်သူတွေဟာ ဒီမိုကရေစီကို ချစ်မြတ်နိုးပြီး ငြိမ်းချမ်းဖို့ ကြိုးစားနေတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ဧပြီ ၈ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌ မိုက်ကယ် မက်ကော ဦးဆောင်တဲ့ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကြို လာရောက်လည်ပတ်ချိန်မှာ ခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။
ထိုင်ဝမ်ကို လက်နက်တွေ အမြန်ပို့မယ်လို့ လွှတ်တော်အတ် မက်ကောကလည်း ပြောပါတယ်။ ဧပြီ ၈ ရက်အစောပိုင်းက တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ အပစ်အခတ် စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တာပါ။
ထိုင်ဝမ်ကျွန်းရဲ့ မြောက်ဘက် တောင်ဘက်နဲ့ အရှေ့ဘက်တွေမှာ စစ်ရေးလေ့ကျင့်ဖို့ စီစဉ် ထားပါတယ်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ဟာ အမေရိကန်ခရီးတထောက်သွားရောက်စဉ် ကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ကီဗင်မက်ကာသီနဲ့ တွေ့ဆုံခဲ့လို့ တရုတ်ပြည်မကြီးအစိုးရက ဒေါသထွက်ခဲ့ပါတယ်။