close

ထိုင်ဝမ်

close

May 4, 2023

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး ထိုင်ဝမ်နှင့်အမေရိကန် ကတိပြု

ထိုင်ဝမ်နဲ့ အမေရိကန်တို့မှ ကာကွယ်ရေးစက်မှုလုပ်ငန်း ကိုယ်စားလှယ်တွေဟာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမယ်လို့ မေ ၃ ရက်က တိုင်ပေမှာ ကျင်းပတဲ့ ပူးတွဲဖိုရမ်မှာ ကတိပြုခဲ့ကြပါတယ်။

“ထိုင်ဝမ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်းမှာ ကျနော်တို့လည်း တစိတ်တပိုင်း အကူအညီပေးဖို့ ကတိကဝတ် ပြုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဟာ ဒေသတွင်းမှာရှိတဲ့ တခြားစိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို လိုချင်ပါတယ်” လို့ အမေရိကန် မရိမ်းတပ်ဖွဲ့ရဲ့ တပ်မှူးဟောင်း စတီဗင် ရပ်ဒါက ပြောပါတယ်။

ဒါပေမဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး သုတေသနအင်စတီကျုရဲ့ လက်ထောက် အမှုဆောင်အရာရှိချုပ် SHEN MING-SHIH ကတော့ သတင်းအချက်အလက် လုံခြုံရေးနဲ့ စပ်လျဉ်းတဲ့ စိုးရိမ်ပူပန်မှုတချို့ကို ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်အကြား ထိုင်ဝမ်နဲ့ တရုတ်တို့ရဲ့ နီးကပ်တဲ့ ဆက်ဆံရေးကြောင့် တရုတ်နိုင်ငံက ခိုးပြီးဝယ်ယူထားတဲ့ ဆီမီးကွန်ဒတ်တာနည်းပညာ အများအပြား ရှိနေတာကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်ကို နည်းပညာလွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စေတယ်လို့ ဆိုပါတယ်။

လက်နက်နည်းပညာဟာ တရုတ်ပြည်မကြီးဆီ လွှဲပြောင်းရောက်ရှိနိုင်တဲ့ အန္တရာယ် ဒါမှမဟုတ် စွန့်စားမှုတချို့ ရှိနေတာကြောင့်လို့ ဆိုပါတယ်။

နိုင်ငံအများစုဟာ တရုတ်နိုင်ငံ ဒေါသထွက်မှာကြောက်လို့ ထိုင်ဝမ်ကို လက်နက် မရောင်းချပေးကြပါဘူး။

အမေရိကန်တောင်မှ ထိုင်ဝမ်ကို F-22 ဒါမှမဟုတ် F-35 တို့လို အဆင့်မြင့် တိုက်လေယာဉ်တွေကို ထောက်ပံ့ပေးဖို့ ဆန္ဒမရှိကြောင်းနဲ့ ထိုင်ဝမ်ဟာလည်း တရုတ်နိုင်ငံရဲ့ J-20 ကိုယ်ပျောက်တိုက်လေယာဉ်သစ်အတွက် တိုက်ရိုက်ဖြေရှင်းစရာ မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒါကြောင့် ထိုင်ဝမ်ဟာ လက်နက်တွေကို ကိုယ်တိုင်ထုတ်လုပ်ဖို့ အလုံးစုံဗျူဟာရဲ့ တစိတ်တပိုင်းအဖြစ် တိုက်လေယာဉ်တွေနဲ့ တာဝေးပစ်ဒုံးကျည်တို့လို ပြည်တွင်းကာကွယ်ရေးစနစ်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ တွန်းအားပေးခဲ့ပါတယ်။

ပေကျင်းဟာ ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုတာကို အတင်းလက်ခံခိုင်းဖို့ ဖိအားတွေ မြှင့်တင်နေချိန်မှာ ထိုင်ဝမ်လေတပ်ဟာ ကျွန်းတဝိုက်ရှိ လေပိုင်နက်ထဲကို တရုတ်ဂျက်လေယာဉ်တွေ ကျူးကျော်ဝင်ရောက် ပျံသန်းနေတာကို နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

4 hours Ago

April 19, 2023

အမေရိကန်ထံမှ ဒုံးကျည်အစင်း ၄၀၀ ဝယ်မည့် ထိုင်ဝမ်ကို တရုတ် ကန့်ကွက်

ထိုင်ဝမ်က အမေရိကန် မြေပြင်ပစ်ဟာပွန်ဒုံးကျည် အစင်း ၄၀၀ ဝယ်မယ့် အစီအစဉ်ကို ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှု မြင့်တက်လာချိန်မှာ ထိုင်ဝမ်ဟာ မြေပြင်ကနေ ပစ်လွှတ်ရတဲ့ အမေရိကန်လုပ် ဟာပွန်ဒုံးကျည် အစင်း ၄၀၀ လောက် ဝယ်မယ်လို့ ဘလွန်းဘာ့ဂ် သတင်းဌာနက ဧပြီ ၁၇ ရက်မှာ ဖော်ပြပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က သင်္ဘောဖျက်ဒုံးကျည် ၄၀၀ အတွက် ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံ ကန်ထရိုက်ကို ဝယ်ယူသူအမည်မဖော်ဘဲ ဧပြီ ၇ ရက်က ကြေညာခဲ့တာပါ။

“ထုတ်လုပ်မှုကို ၂၀၂၉ ခုနှစ် မတ်လမှာ အပြီးသတ်ဖို့ မျှော်လင့်ထားတယ်၊ ထိုင်ဝမ်က ဝယ်သူဖြစ်တယ်” လို့ ဘလွန်းဘာ့ဂ်က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေး အကျိုးစီးပွားကို ကာကွယ်ဖို့ ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ဧပြီ ၁၈ ရက် ဘေဂျင်းမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောခဲ့ပါတယ်။

အခုလထဲမှာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက်ကာသီဟာ ကယ်လီဖိုးနီးယားမှာ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ကို ဧည့်ခံခဲ့ပြီး တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာချိန်မှာ ထိုင်ဝမ်ဆီ လက်နက်တွေပေးပို့မှု အရှိန်မြှင့်ဖို့ လိုတယ်လို့ အလေးပေးပြောကြားပါတယ်။

တွေ့ဆုံပွဲအပြီး အောက်လွှတ်တော် တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ ကော်မတီရဲ့ ဥက္ကဋ္ဌ ရီပတ်ဘလီကန်အမတ် မိုက်ခ်ဂေါ်လာဂါက ဆော်ဒီအာရေဗျဆီသွားမယ့် အစီအစဉ်တွေထက် ထိုင်ဝမ်ဆီ ဟာပွန်ဒုံးကျည်တွေရဖို့ နည်းလမ်းတွေကို ရှာချင်တယ်လို့ ပြောခဲ့ပါတယ်။

2 weeks Ago
Up