ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက နေအိမ်မှာ သီးခြား ၁၀ ရက် ကွာရန်တင်းဝင်ကြဖို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
တချို့ရောဂါကူးစက်ခံရသူတွေဟာ ကွာရန်တင်း ၁၀ ရက်ကို ကြပ်ကြပ်မတ်မတ်လိုက်နာတာမျိုး မရှိတာကြောင့် တခြားသူတွေမှာပါ ကူးစက်နိုင်ချေရှိနေတယ်ဆိုတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ ခုလို တိုက်တွန်းလိုက်တာဖြစ်ပြီး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ရန်ဂရူအန် ကစ်ဖာထိက နောက်ထပ် ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းကြီးကြီးမားမား ဖြစ်ပေါ်မလာစေဖို့ လူတိုင်းဟာ ချမှတ်ထားတဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာကြဖို့လိုတယ်လို့ ပြောပါတယ်။
ယေဘုယျအားဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ သာမန်ရောဂါလက္ခဏာ၊ ဒါမှမဟုတ် လက္ခဏာမပြတဲ့ သံသယရှိသူတွေအနေနဲ့ နေအိမ်မှာ အနည်းဆုံး ၁၀ ရက် ကွာရန်တင်းဝင်ရမှာဖြစ်ပြီး တကယ်လို့ သူတို့အ နေနဲ့ အဲဒီအချိန်အတွင်း ဆေးရုံဆေးခန်းလို ပြင်ပကို ထွက်ရတဲ့အခါမျိုးမှာလည်း နှာခေါင်းစည်း Mask ကို မဖြစ်မနေတပ်ဆင်သင့်တယ်လို့လည်း သူကဆိုပါတယ်။
“ရောဂါကူးစက်ခံရသူတချို့ဟာ ၁၀ ရက်ကွာရန်တင်း အပြည့်အဝဝင်ဖို့ ပျက်ကွက်ကြပြီး အပြင်ထွက်သွားလာနေကြတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါက တခြားသူတွေ၊ အထူးသဖြင့် ထိခိုက်လွယ်အုပ်စုဝင်တွေဖြစ် တဲ့ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါသည်တွေကို ထပ်မံပြီးတော့ ကူးစက်နိုင်ချေရှိနေပါတယ်။”
ဒါကြောင့်မို့ ရောဂါကူးစက်ခံထားရတဲ့ ပြင်ပလူနာတွေအနေနဲ့ သူတို့ရဲ့ ကွာရန်တင်းကာလမှာ လေဝင်လေထွက်ကောင်းတဲ့ အခန်းတွေမှာ တခြားသူတွေနဲ့ သီးခြားခွဲနေထိုင်သင့်ကြောင်းနဲ့ သီးခြားရေချိုးခန်း၊ အိမ်သာခွဲ သုံးသင့်ပေမယ့် တကယ်လမ်းမျှဝေသုံးစွဲကြရင်လည်း လူနာနဲ့ ထိတွေ့ထားတဲ့ မျက်နှာပြင်တွေအားလုံးကို ပိုးသတ်သုံးစွဲသင့်တယ်လို့လည်း ဒေါက်တာ ရန်ဂရူအန်က ပြောပါတယ်။
ဒါ့အပြင် အဲဒီလို ကွာရန်တင်းဝင်နေရချိန်မှာ ရောဂါကူးစက်လွယ်တဲ့ ထိခိုက်လွယ်အုပ်စုဝင်တွေနဲ့လည်း ဝေးဝေးနေထိုင်သင့်တယ်လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်မှုစင်တာ (စီစီအက်စ်အေ)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီဆစ်လ်ပ် ဗီဆနူရုသင်ကတော့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေ ကို ဖြေလျှော့လိုက်အပြီးမှာပဲ ရောဂါကူးစက်မှုတွေဟာ အထူးသဖြင့် ဘန်ကောက်နဲ့ အနီးတဝိုက်ခရိုင်တွေ၊ ခရီးသွားဧည့်သည်တွေ သွားလာတဲ့ နေရာတွေမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာခဲ့တယ်လို့ ပြောပါ တယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ ထိုင်းနိုင်ငံရဲ့ တရားဝင် အားလပ်ရက် ၅ ရက်မှာ ပြည်သူတွေဟာ နေရာအနှံ့ လည်ပတ်သွားလာစုဝေးခဲ့ကြပြီး ဒါဟာ နောက်ထပ် ရောဂါကူးစက်မှု မြင့်တက်လာနိုင်ချေရှိတဲ့ အခြေအနေဖြစ် တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂,၀၂၅ ယောက်နဲ့ ထပ်မံသေဆုံးသူအယောက် ၂၀ ရှိနေခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ၂ နှစ်ကျော်ကာလ နှာခေါင်းစည်းကို လူတိုင်း အပြင်ထွက်တိုင်း မပျက်မကွက် တပ်ဆင်နေရတာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကစ ကိုယ့်သဘော နဲ့ကိုယ် ဖြုတ်လိုဖြုတ် တပ်လိုက တပ်ဆင်နိုင်ကြောင်း ခွင့်ပြုထားတာပါ။
ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ မေလထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်တုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိရောက်စွာ ထိန်းချုပ်နိုင်ရေးနဲ့ ပြည်သူတွေရဲ့အသက်ကို ကာကွယ်နိုင်ဖို့ အရေးပေါ်အခြေအနေကာလကို လာမယ့် စက်တင် ဘာလကုန်ထိ ၂ လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။