ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ထိန်းချုပ်ရေးအတွက် ခရီးသွားလာရေးကို တနှစ်ကျော် ထိန်းချုပ်ထားခဲ့အပြီး ရက် ၁၂၀ အတွင်း ဧည့်သည်တွေအတွက် ပြန်ဖွင့်ပေးတော့မယ်လို့ ဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက ဇွန် ၁၆ရက်မှာ ပြောလိုက်ပါတယ်။
စီးပွားရေး ပြန်နာလန်ထူဖို့ တွက်ချက်ဖို့ လိုအပ်တဲ့ ဘေးအန္တရာယ် အခြေအနေတွေကို တွက်ချက်နေပြီလို့လည်း ဆိုပါတယ်။
ဒီနှစ်အတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးဆေး လုံးရေ ၁၀၅ ဒသမ ၅ သန်းကို ထိုးနှံတာ သေချာစေရေး ပန်းတိုင်သတ်မှတ်ထားပြီး လာမယ့်နှစ်မှာ နောက်ထပ် ထိုးဆေးတွေရဖို့ ကြိုးစားမယ်လို့ ဝန်ကြီးချုပ်က တစ်နိုင်ငံလုံးကို ရုပ်သံကနေ မိန့်ခွန်း ပြောခဲ့ပါတယ်။
ဇူလိုင်လက စပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးဆေးလုံးရေ ပျမ်းမျှ ဆယ်သန်းကို ထိုးနှံဖို့ စီမံခန့်ခွဲရေး စီစဉ်ထားတယ်လို့ ပရာယွတ်သ်က ပြောပါတယ်။
ခရီးသွားလုပ်ငန်းကို မှီခိုအားထား နေရတဲ့ ထိုင်းနိုင်ငံမှာ ကာကွယ်ဆေး အပြည့်ထိုးပြီးသား ပြည်တွင်းပြည်ပ ခရီးသွားတွေကို ရောဂါခြေချုပ်နဲ့ နေစရာ မလိုတော့ဘဲ ပြည်ဝင်ခွင့် ပြန်ဖွင့်ပေးဖို့ ရည်မှန်းထားတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ရက် ၁၂၀ အတွင်း ထိုင်းကို ပြည်ဝင်ခွင့် အပြည့်အဝ ဖွင့်ပေးဖို့ ကြေညာရေး ရည်မှန်းထားကာ ခရီးသွားလုပ်ငန်းတွေ ပိုမြန်မြန် လုပ်နိုင်ဖို့ အသင့်ပြင်ထားတယ်လို့လည်း ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။
စမ်းသပ် ပြည်ဝင်ခွင့်ကို ဒေသခံ အားလုံးနီးပါးကို ကာကွယ်ဆေး ထိုးပေးထားပြီးဖြစ်တဲ့ ဖူးခက်ကျွန်းမှာ ဇူလိုင် ၁ ရက်ကနေ စတင်မှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က ကမ္ဘာလှည့် ခရီးသည်အယောက် သန်း ၄၀ နီးပါး လာရောက် လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ ပြည်ဝင်ခွင့် တင်းကျပ်မှုနဲ့ ရောဂါခြေချုပ် ဆောင်ရွက်ချက်တွေကြောင့် လတ်တလော လတွေ တိုင်အောင် ကူးစက်မှုကို ထိန်းချုပ် ထားနိုင်ခဲ့တာပါ။
ထိုင်းနိုင်ငံဟာ မနှစ်က ခရီးသွားလုပ်ငန်း ၈၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ဆုံးရှုံးခဲ့ပါတယ်။