ထိုင်းမြောက်ပိုင်း၊ နခွမ်းဆဝမ်မြို့နယ်ရဲစခန်းမှာ မူးယစ်တရားခံတစ်ယောက်ကို စခန်းမှူးကိုယ်တိုင်က သေဆုံးတဲ့အထိ စစ်ဆေးငွေညှစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွါးခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်ဟာ ဒီလဆန်း ၅ ရက်နေ့ကဖြစ်သွားခဲ့ပေမယ့် ပြည်သူ့ဘက်တော်သား ရှေ့နေတစ်ယောက်က သူ့ရဲ့လူမှုကွန်ရက်မှာ ဩဂုတ် ၂၃ ရက်ကမှ ထုတ်ဖော်ပြောကြားခဲ့တာကြောင့် လူသိထင်ရှားဖြစ်သွားခဲ့ပါတယ်။
ရှေ့နေက အဆိုပါဖြစ်ရပ်ကို နခွမ်းဆဝမ်ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရှိရကြောင်း၊ ဩဂုတ် ၅ ရက်နေ့မှာ သူတို့ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးဖြန့်ဖြူတဲ့ အသက် ၂၀ ကျော်ရွယ်ရှိ လူရွယ်စုံတွဲကို ဖမ်းမိခဲ့ပြီး စခန်းမှာ တနေရာစီခွဲ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
တရားခံအမျိုးသားကို လက်အောက်ခံရဲတွေ အရင်စစ်ဆေးပြီး အမှုပိတ်သိမ်းဖို့ ဘတ် ၁ သန်းသာပေးမယ့်အကြောင်း စခန်းမှူးဆီအကြောင်းကြားရာမှာတော့ စခန်းမှူးက ငွေ ၁ သန်းဘာလုပ်လို့ရမှာလည်း မင်းတို့အသုံးမကျဘူး ဒီကိစ္စငါကိုယ်တိုင်ကိုင်မှဆိုပြီး စုစုပေါင်း ဘတ်ငွေ ၂ သန်းရဖို့ တရားခံရဲ့ခေါင်းကို အိတ်အမည်းနဲ့ ထပ်စွပ်ပြီး ထုထောင်းငွေညှစ်ခဲ့တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာ သူ့ကိုလက်ထိပ်ခတ်ဖို့ပြောဆိုစဉ် တရားခံလဲကျသွားပြီး အသက်ပြန်ရှုအောင် ရေလောင်းတာ၊ ရင်ဘတ်နှိပ်တာတွေလုပ်ပေမယ့် မရတော့ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် စခန်းမှူးက လက်အောက်ငယ်သားတွေကို စီစီကင်မရာထဲကပုံတွေ အကုန်ဖျက်ပစ်ဖို့၊ သေဆုံး သူကို ဆေးရုံအမြန်ပို့ပြီး သူဟာမူးယစ်ဆေးသုံးလွန်ကဲလို့ ရှော့တ်ဖြစ်သွားကြောင်းပြောဖို့ ညွှန်ကြားပြီး တရားခံရဲ့မိန်းကလေးကိုလည်း အဆိုပါအတိုင်းပြောကာ အမှုမှကင်းလွတ်စေပြီး ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။ လက်အောက်ခံရဲတွေကိုလည်း မင်းတို့ဘာမှမကြောက်နဲ့ ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
စခန်းမှူးရဲ့ မတရားလုပ်ရပ်တွေပေါ်သည်းမခံနိုင်တဲ့ လက်အောက်ငယ်သားတချို့က အဆိုပါ ဖြစ်စဉ်ကို ထိုင်းအမျိုးသားရဲဌာနချုပ်ရုံးထံ တိုင်တန်းစာပေးပို့ခဲ့သလို ပြည်သူ့ဘက်တော်သားရှေ့ နေထံလည်း သေဆုံးသူဘက်က တရားမျှတမှုရှိအောင် ကူညီဆောင်ရွက်ပေးဖို့ ပြောကြားခဲ့ပါတယ်။
ဒီကိစ္စလူသိထင်ရှားဖြစ်တဲ့နောက် အမှတ် ( ၆ ) တိုင်းဒေသရဲဌာနချုပ်က အဆိုပါ စခန်းမှူးကို ရာထူးမှယာယီ ချထားပြီး စုံစမ်းစစ်ဆေးရေးတွေစတင်ခဲ့ကြောင်း၊ ပတ်သက်သူစခန်းမှူးကတော့ စွဲချက်တွေအကုန်ငြင်းဆိုထားပြီး တရားခံက သူ့ဖာသာသူရှော့တ်ဖြစ်သေဆုံးတယ်လို့ ပြောပါတယ်။
တရားခံရဲ့ ဖခင်ကလည်း သူ့သားက တကယ်မူးယစ်ဆေးဝါးလွန်ကဲစွာသုံးလို့ သေဆုံး တာလို့ယုံကြည်ပြီး ရဲတပ်ဖွဲ့အပေါ်လည်း အမှုမဖွင့်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဖခင်နဲ့ကွာရှင်းထားတဲ့ မိခင်ကတော့ သားတယောက်လုံးဆုံးရှုံးရတဲ့အပေါ် လုံးဝ မကျေနပ်ကြောင်း၊ အမှုမှန်ပေါ်သည်ထိကြိုးစားသွားမယ့် အကြောင်း ပြောပါတယ်။
အဲဒီနောက် ဖြစ်ရပ်အစဆုံးကို လက်ကိုင်ဖုံးနဲ့ ခိုးရိုက်ထားတဲ့ ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်ပေါ်တက်လာပြီး သေဆုံးသူရဲ့ဖခင်ဟာ စခန်းမှူးက ငွေပေးပြီးနှုတ်ပိတ်ထားတဲ့အကြောင်းလည်း ပေါ်လာပါတယ်။
အဆိုပါစခန်းမှူးမှာ အသက် ၃၉ နှစ်ရွယ်ရှိ ရဲမှူးကြီး ထိတီဆန် အူဖတ်နတ်ဖွန်း ခေါ် စခန်းမှူး“ ကျို့ ” ဆိုသူဖြစ်ပြီး ရုပ်ဖြောင့်ကာ နောက်ဆုံးပေါ်ကားနဲ့ အထက်တန်းကျကျနေ ထိုင်တတ်သူ၊ မူးယစ်ဆေးဝါးမှုတွေ ဖော်ထုတ်နှိမ်နင်းနိုင်လို့ ရာထူးအဆင့်ဆင့်တက်လာတာလို့ ဆိုပါတယ်။
အရင်ကနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တစ်ဦးနဲ့ စေ့စပ်ခဲ့ပြီးနောက်မှ မယားကြီး နဲ့ကလေးရှိမှန်းသိလို့ သရုပ်ဆောင်နဲ့လက်ထပ်ပွဲပျက်သွားခဲ့ကြောင်း၊ လက်ရှိမှာလည်း တီဗွီချနယ်လ်တစ်ခုက စီစဉ်တင်ဆက်သူ မိန်းကလေး ၁ ဦးနဲ့ ထပ်တွဲနေပြီး ဒီကိစ္စဖြစ်လာတော့ အဆိုပါမိန်းကလေးလည်း သူမလူမှုကွန်ရက်တွေ အကုန်ပိတ်ချထားပါတယ်။
ဒီကနေ့ ဩဂုတ် ၂၅ ရက် နောက်ဆက်တွဲသတင်းအရ ရဲမှူးကြီး ထိတီဆန် အူဖတ်နတ်ဖွန်း ခေါ် စခန်းမှူး“ ကျို့ ” ကို တာဝန်မှရပ်စဲပြီး သူနဲ့တကွ လက်အောက်ခံရဲတပ်ဖွဲ့ဝင် ၇ ဦးကို တပါး သူအားသေဆုံးစေရန် တမင်ကြံရွယ်မှုနဲ့ ထိုင်းအမျိုးသားရဲဌာနချုပ်က အမှုဖွင့်ထားကာ တရားရုံးအမိန့်နဲ့ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဆူဝပ် ကျိုင့်ယွတ်ဆုခ်က “ ဒီကိစ္စဟာ ထိုင်းရဲတပ်ဖွဲ့တစ်ခုလုံးရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ ကြီးမားသောပြစ်မှုဖြစ်လို့ ထိထိရောက်ရောက် အရေး ယူအပြစ်ပေးရမှာဖြစ်ကြောင်း၊ ကျန်ရဲဝန်ထမ်းတွေအနေနဲ့ နောက်နောင် အခုလိုအဖြစ်မျိုး နောက်ထပ်မပေါ်ပေါက်စေဖို့ ဒီကိစ္စကို နမူနာယူရမှာဖြစ်ကြောင်း၊ ရဲဝန်ထမ်းတွေရဲ့ ကျင့်ဝတ်နဲ့ တာဝန်ဝတ္တရားမှာ တရားခံကိုညှဉ်းပန်းနှိပ်စက်ဖို့ ဖော်ပြထားတာမရှိဘဲ ဝန်ထမ်းရွေးချယ်လေ့ ကျင့်မှုလည်းသေချာရှိကြောင်း၊ ခုလိုဖြစ်သွားတာကတော့ လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်ပေါ်ပဲ မူတည်တယ်”လို့ ချန်နယ်လ် ၃ သတင်းဌာနကို ပြောသွားပါတယ်။
ကျူးလွန်သူ စခန်းမှူးကတော့ ထွက်ပြေးတိမ်းရှောင်နေပြီး တာ့ခ်ခရိုင်ကနေတဆင့် တခြားနိုင်ငံကို လွတ်မြောက်သွားပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။