ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ချင်းရိုင်းပချားနုခေါ့ဆေးရုံကြီးမှာ ယာဉ်မတော်တဆထိခိုက်မှုနဲ့ ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦးက သူ့ရဲ့ ကျောက်ကပ်နဲ့ မျက်လုံးကို လှူဒါန်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၄၃ နှစ်ရွယ် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၁ ဦးဟာ ယာဉ်မတော်တ ဆထိခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရပြီးနောက်ပိုင်းမှာ ဦးနှောက်က အလုပ်မလုပ်တော့ပါဘူး။ လူနာအခြေအနေမကောင်းတာကြောင့် သက်ဆိုင်ရာ ဆရာဝန်ဆရာမတွေက သူ့ရဲ့မိသားစုထံ အကြောင်းကြားပြီး လူနာအနေနဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ လှူဒါန်းကုသိုလ်ပြုနိုင်ကြောင်း အဆို ပြုခဲ့တယ်လို့ ဆိုပါတယ်။
လူနာရဲ့ မိခင်နဲ့ ညီမ၊ လုပ်ဖော်ကိုင်ဖက် အလုပ်သမားတွေကပါ လူနာအတွက် နောက်ဆုံးကောင်းမှုကုသိုလ်ဖြစ်စေဖို့ ကျောက်ကပ်နဲ့ မျက်လုံးလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါကြောင့် ဆေးရုံတာဝန်ရှိသူတွေက အဆိုပါအင်္ဂါအစိတ်အပိုင်းတွေကို နိုဝင်ဘာ ၃ ရက်နေ့က ခွဲထုတ်ပြီး Noke Air လေယာဉ်နဲ့ ထိုင်းနိုင်ငံလုံးဆိုင်ရာ ကြက်ခြေနီအသင်းဆီပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလှူဒါန်းမှုအပေါ် ဂုဏ်ယူပါကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ အိုဖတ်ကန်ကဝီဖုန်းက နိုဝင်ဘာ ၅ ရက်က ထုတ်ပြန်ပြောကြားပါတယ်။
“လူသားချင်းချင်းပြန်လည်ကူညီနိုင်ဖို့ လူနာရဲ့အင်္ဂါအစိတ်အပိုင်းတွေကို ကုသိုလ်ကောင်းမှုပြုဖို့ ဆုံးဖြတ်ခဲ့တဲ့ ကျန်ရစ်သူမိသားစုကို ကျေးဇူးတင်စွာဂုဏ်ယူပါတယ်။ ဒီလိုမွန်မြတ်တဲ့ကုသိုလ်တွေပြုကြဖို့ ဖိတ်ခေါ်ကြောင်း၊ ဒါပေမယ့် သတိပြုသင့်တာက သက်ဆိုင်ရာ လူနာက မဆုံးပါးခင်မှာ လှူဒါန်းခဲ့ပေမယ့်လည်း သက်ဆိုင်ရာမိသားစုဝင်တွေနဲ့ပါ နားလည်မှုယူပြီး သဘောတူဖို့က အလွန်အရေးကြီးတယ်” လို့ ဒေါက်တာအိုဖတ်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ဆေးရုံကြီးပေါင်း ၂၀၀ ကျော်ရှိပြီး နှစ်စဉ် လူပေါင်း ၂၀၀ ကျော် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေလှူခဲ့ကြောင်း၊ ဒီ ၂၀၂၂ ခုနှစ်ထဲမှာ အလှူရှင် ၅၇၇ ဦးရှိပြီး ကျောက်ကပ်လှူဒါန်းသူက ၄၅၅ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ဆေးရုံတရုံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ တက်ရောက်ကုသမှု ခံယူနေရတဲ့ မြန်မာအမျိုးသားတယောက်ဟာ ဆေးရုံ ၂ လွှာအမြင့်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ပါတယ်။
ဆေးရုံဝန်ထမ်းတွေရဲ့ အဆိုအရ အသက် ၃၁ နှစ်အရွယ် အဆိုပါ အမျိုးသားဟာ ဘန်ကောက်မြို့၊ အဆုတ်ခ်ဒေသတွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီးနောက် အဘန်ခွန်ထီရန်သက်ကြီးရွယ်အိုများ ဆေးကုသရေးဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေသူဖြစ်တယ်လို့ သိရပါတယ်။
မျက်မြင်သက်သေတယောက်ကတော့ သေဆုံးသူ အမျိုးသားဟာ ဒုတိယထပ်ကနေ ပြုတ်ကျလာပြီး မြေပြင်ရေအိုင်ထဲ ကျသွားခဲ့တာကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်။
ရဲတွေကတော့ သူတို့ဆီ မနက် ၁၁ နာရီလောက်က အကြောင်းကြားမှု ရရှိခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေကို လူနာကို သယ်ထုတ်ချိန်မှာ PPE ဝတ်စုံနဲ့ သတိထားကိုင် တွယ်ဖို့ သတိပေးခဲ့ရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဆီရီရတ်ဂျ်ဆေးရုံကို ပို့ဆောင်ကာ လိုအပ်တဲ့ ခွဲစိတ်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ဒါဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုလား၊ မတော်တဆ ပြုတ်ကျသေဆုံးတာလား ဆိုတာကိုတော့ ရဲတွေက ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။