ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ထွက်သွားတဲ့ ထိုင်းထီပေါက်ဂဏန်း ပထမဆု ၀၂၅၈၇၃ ကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း လယောင်းမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၁ ဦးက ကံ ထူးခဲ့ပြီးထီပေါက်သွားလို့ ဆုငွေ ထိုင်းဘတ် ၆ သန်း ( သိန်းပေါင်း ၆၀ ) ရရှိခဲ့ပါတယ်။
အဆိုပါလုပ်သားဟာ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်က ကိုမင်းဆိုသူ အသက် ၄၀ ကျော်ရွယ် ဂေါ်ရခါးလူမျိုးဖြစ်ကြောင်း၊ လယောင်းမြို့ ဟိုတယ်တခုမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားဖြစ်ပြီး သူတို့ဆီကို ထီသည်က လာရောင်းတော့ ၁၀ စောင် ဘတ် ၁၀၀၀ ဖိုးဝယ်ရာမှာ ဘတ် ၄၀ လိုနေလို့ အလုပ်သမားတစ်ယောက်က စိုက်ပေးခဲ့တာပါ။
ထီပေါက်ခဲ့ရင် ၄၀ ရာခိုင်နှုန်းပေးမယ်လို့ ကတိပြုထားတာကြောင့် သူ့ကိုပါ ခွဲပေးခဲ့တာလို့ ဆုငွေထုတ်ရေး လိုက်လံကူညီပေးခဲ့တဲ့ အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
“ထီလက်မှတ်စုဝယ်တော့ ပိုက်ဆံ ၄၀ ဘတ်လိုနေတာနဲ့ အလုပ်သမား တယောက်က သူ့ပိုက်ဆံနဲ့ စိုက်ပေးတယ်။ ပေါက်ရင်သူ့ကို ၄၀ ရာခိုင်နှုန်းပေးမယ်လို့ ကတိပြုထားတာတဲ့။ သူတို့က အဲဒီထီလက်မှတ်တွေကို တယောက် တရွက်စီရွေးယူသွားကြတာ၊ ကိုမင်းယူလာတဲ့ အရွက်က ပထမဆုပေါက်တော့ သူလည်း ၄၀ ရာခိုင်နှုန်းပေးလိုက်တယ်။ အခွန်ဆောင်တာနဲ့ဘာနဲ့ဆိုတော့ ဘတ် ၂ သန်းနီးပါးပေးလိုက်တယ်၊ ကျန်တဲ့ငွေထဲက အခက်အခဲရှိအလုပ်သမားတွေကူညီဖို့ဆိုပြီး ကျနော်တို့ အေအေစီအလုပ်သမားအဖွဲ့ကို ဘတ် ၁ သိန်းလှူပါတယ်ခင်ဗျ။ ပြီးတော့ မြန်မာပြည်ကမိသားစုဆီပြန်ပို့မယ်၊ သူကတော့ အရင်သူဌေးဆီမှာဘဲ ပုံမှန်အလုပ်ဆက်လုပ်နေပါတယ်ခင်ဗျ၊”
အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ ၂၀၁၆ ခုနှစ်ကစ ဒီကနေ့ထိ ထီပေါက်တဲ့အလုပ်သမားတွေ အဆင်ပြေစွာဆုငွေထုတ်နိုင်ရေး၊ ဘေးရန်ကင်းရေးအတွက် လိုက်လံဆောင်ရွက်ပေးနေတာမှာ ပထမဆုပေါက်တဲ့သူတွေထဲမှာ ခုတခါပါဆိုရင် အယောက် ၄၀ ဦးမြောက် ဖြစ်သွားပြီလို့ ဦးခိုင်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီး၊ စမွတ်စခွန်းခရိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံဟာ စက်တင်ဘာ ၁ ရက်က ထွက်တဲ့ ထိုင်းထီပထမဆုပေါက်ဂဏန်း ၉၂၉၃၃၂ ကို ၂ စောင်လုံးပေါက်ခဲ့လို့ တစောင်ဘတ် ၆ သန်းနဲ့ စုစုပေါင်း ဘတ်ငွေ ၁၂ သန်းရရှိသွားပါတယ်။
အဆိုပါဇနီးမောင်နှံမှာ စမွတ်စခွန်းက စက်ရုံတစ်ရုံမှာအလုပ်လုပ်နေတာဖြစ်ပြီး အသက် ၂၅ နှစ်ဝန်းကျင်ရှိပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ လုံခြုံရေးစိတ်မချလို့ ကာယကံရှင်တွေက သူတို့အမည်နဲ့လိပ်စာတွေ မဖော်ပြဖို့မေတ္တာရပ်ခံထားပါတယ်။
ဆုငွေတွေကိုတော့ မနေ့က သွားရောက်ကူညီထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ အေအေစီ အလုပ်သ မားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။
“ဆုငွေကတော့ မနေ့ကပဲ သွားထုတ်လိုက်ပါပြီ ကျနော်တို့အဖွဲ့ကလူတွေသွားကူပြီး ထုတ်ပေးခဲ့ပါတယ်။ ၁ စောင်ကို ဘတ် ၆ သန်းနဲ့ နှစ်စောင်ဆိုတော့ ဘတ် ၁၂ သန်းပေါ့ ၊ နေ့ချင်းပြီး ထုတ်ပြီးပါပြီ။”
ထီပေါက်တဲ့ဇနီးမောင်နှံဟာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေလှူမှာဖြစ်သလို NUG အစိုးရရဲ့ ငွေတိုက်စာချုပ်တွေလည်း ဝယ်ယူအားပေးသွားဖို့ အစီအစဉ်ရှိနေတယ်လို့ ကိုရဲမင်းက ပြောပါတယ်။